ဒီးမော့ဆိုမြို့တွင်း တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်ပြီး ကရင်နီပြည်သူ့ကာကွယ်ရေးတပ်မှ (၅)ဦး ကျဆုံး 

ဒီးမော့ဆိုမြို့တွင်း တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်ပြီး ကရင်နီပြည်သူ့ကာကွယ်ရေးတပ်မှ (၅)ဦး ကျဆုံး 
မေ 25, 2021 | ကယား

ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်တွင် ယနေ့ ၂၀၂၁ ခုနှစ်၊ မေလ (၂၅) ရက်နေ့ နံနက်ပိုင်းက စတင်နေသည့် ကရင်နီပြည်သူ့ကာကွယ်ရေးတပ်(KPDF)နှင့် အာဏာသိမ်းစစ်ကောင်စီ၏တပ်တို့ကြား တိုက်ပွဲမှာ ညနေပိုင်းအထိ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပြီး  ကရင်နီပြည်သူ့ကာကွယ်ရေးတပ်မှ (၅)ဦးကျဆုံးသွားကြောင်း သိရသည်။ 

ခုချိန်ထိ ပစ်ခတ်နေသေးတယ်။ အခုချိန်ထိတော့ ကျွန်တော်တို့ ကရင်နီပြည်သူကာကွယ်ရေးတပ် KPDF က( ၅)ဦး ကျသွားတယ်။ ခုချိန်ထိတော့ သူတို့ တွေ့တဲ့နေရာတိုင်းကို ရမ်းသမ်းပစ်ခတ်နေတယ်။ ကျွန်တော်တို့ တပ်ဖွဲ့တွေတော့ ပြန်ခုခံတိုက်ခိုက်နေတယ်။ တင့်ကားပျက်ဆီးတာတော့ အတည်ပြုလို့ မရသေးဘူး

ဟု ကရင်နီပြည်သူ့ကာကွယ်ရေးတပ် (KPDF) တပ်ဖွဲ့ဝင်တစ်ဦးက ညနေ (၅)နာရီခွဲဝန်းကျင်တွင် တာချီလိတ်သတင်းအေဂျင်စီသို့ အတည်ပြုသည်။ 

ဒီးမော့ဆိုမြို့တွင် စစ်အာဏာရှင်စနစ်တွန်းလှန်လိုသည့် လူငယ်များက တူမီး၊ လက်လုပ်သေနတ် ရရာလက်နက်ဖြင့် တိုက်ခိုက်နေသည့် ကရင်နီပြည်သူ့ကာကွယ်ရေးတပ် (KPDF)နှင့် စစ်ကောင်စီတပ်တို့ကြား နံနက်ပိုင်းကတည်းက စတင်သည့်တိုက်ခိုက်မှုတွင် အာဏာသိမ်းစစ်ကောင်စီတပ်က လက်နက်ကြီးများ၊ တင့်ကားများဖြင့်ပါ  အသုံးပြုတိုက်ခိုက်နေခြင်းဖြစ်ကြောင်း သိရသည်။

ယင်းအပြင် စစ်ကောင်စီဖက်မှ လွိုင်ကော်အခြေစိုက် အမြောက်တပ်ရင်းကလည်း ဒီမော့ဆိုဖက်သို့ ပစ်ခတ်နေ၍ လူနေအိမ်များလည်း ထိခိုက်ပျက်စီးမှုရှိနေသည်။