အာဏာသိမ်းစစ်ကောင်စီနှင့် ပူးပေါင်းသည့် ကယန်းအမျိုးသားကာကွယ်ရေးတပ်ကို KNDF က ထိရောက်စွာ အရေးယူမည်

အာဏာသိမ်းစစ်ကောင်စီနှင့် ပူးပေါင်းသည့် ကယန်းအမျိုးသားကာကွယ်ရေးတပ်ကို KNDF က ထိရောက်စွာ အရေးယူမည်
မတ် 6, 2022 | ကယား

အကြမ်းဖက်စစ်ကောင်စီနှင့် ပူးပေါင်းဆောင်ရွက်နေသည့် ကယန်းအမျိုးသားကာကွယ်ရေးတပ်(KNG)နှင့် ၎င်းတို့ လက်နက်တပ်ဆင်ပေးထားသော ပျူစောထီးအဖွဲ့များ၊ ဆက်စပ်ပတ်သက်သူများ အားလုံးကို ထိရောက်စွာ ဒဏ်ခတ်အရေးယူမည် ဖြစ်ကြောင်း KNDF က ယနေ့မတ်လ(၆)ရက်တွင် ထုတ်ပြန်သည်။

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုးဗြဲမြို့မှ ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်အထိ ဖေဖော်ဝါရီလ (၁၅)ရက်မှ စတင်သော အကြမ်းဖက်စစ်ကောင်စီတပ်၏ စစ်ဆင်ရေးများအတွင်း နယ်မြေအနေအထား၊ ဒေသတွင်း အခြေအနေနှင့် စစ်ဆင်ရေးလမ်းကြောင်းများကို မိုးဗြဲအခြေစိုက် ကယားအထူးဒေသ (၁) - ကယန်းအမျိုးသားကာကွယ်ရေးတပ် (Kayan National Guard - KNG) မှ ဦးဆောင်လမ်းပြနေကြောင်း သိရသည်။

ထို့အပြင် KNG ၏ ဦးဆောင်မှုဖြင့် ပျူစောထီးအဖွဲ့များကို အကြမ်းဖက် စစ်ကောင်စီမှ လက်နက် တပ်ဆင်ပေးပြီး၊ ပြည်သူများနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကို တိုက်ခိုက်နေကြောင်း သိရသည်။

KNG ၏ အဆိုပါ လုပ်ရပ်များကြောင့် အကြမ်းဖက် စစ်ဆင်ရေး လမ်းကြောင်းတစ်လျှောက်ရှိ ကျေးရွာများမှ ကယန်းလူမျိုးများနှင့် ပြည်သူများ ဒုက္ခရောက်ရကြောင်း ထုတ်ပြန်ထားသည်။