မြန်မာ - ထိုင်းနယ်စပ်မှ KNU တပ်မဟာ (၅) နယ်မြေကို အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဆက်လက်တိုက်ခိုက်နေ

မြန်မာ - ထိုင်းနယ်စပ်မှ KNU တပ်မဟာ (၅) နယ်မြေကို အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဆက်လက်တိုက်ခိုက်နေ
ဧပြီ 28, 2021 | နိုင်ငံရေး

 

 

 

မြန်မာ - ထိုင်းနယ်စပ် ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်အတွင်းမှ KNU တပ်မဟာ (၅) နယ်မြေကို အာဏာသိမ်းစစ်တပ်က လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်နေပြီး ၂၀၂၁ ခုနှစ် ဧပြီလ (၂၈) ရက်နေ့တွင်လည်း လေကြောင်းမှ (၄) ကြိမ် ပစ်ခတ်ထားပြီးဖြစ်ကြောင်း သိရသည်။

မြန်မာ - ထိုင်းနယ်စပ် ကရင်ပြည်နယ် ဖာပွန်ခရိုင်အတွင်းရှိ နယ်စပ်သံလွင်မြစ်ကမ်းရှိ အာဏာသိမ်းစစ်တပ်၏  သော်လဲထတပ်စခန်းကို  ဧပြီလ (၂၇) ရက်နေ့ နံနက်အစောပိုင်းတွင် KNU က သိမ်းပိုက်လိုက်ပြီးနောက် အာဏာသိမ်းစစ်တပ်က ယင်းနေ့မှာပင် ဖာပွန်ခရိုင်ကို တိုက်လေယာဉ်များဖြင့် ဗုံးကြဲခြင်း၊ ပစ်ခတ်ခြင်းများကို (၃) ကြိမ်ပြုလုပ်ခဲ့ပြီးနောက် ဧပြီလ (၂၈)ရက်နေ့တွင်လည်း (၄) ကြိမ်လာရောက်တိုက်ခိုက်ထားကြောင်း ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုအဖွဲ့ထံမှ သိရသည်။

အာဏာသိမ်းစစ်တပ်က ထိုင်းနယ်စပ်ရှိ KNU တပ်မဟာ (၅) နယ်မြေကို မတ်လ (၂၇) ရက်နေ့ကတည်းက လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်နေသဖြင့် ဒေသခံအများအပြား စစ်ဘေးရှောင်နေကြရခြင်းဖြစ်ပြီး အဆိုပါ စစ်ဘေးရှောင်များအပါအတွက် စားနပ်ရိက္ခာပို့သည့် ရေယာဉ်များအပါအဝင် သံလွင်မြစ်ကြောင်းတွင်း သွားလာနေသည့် ရေယာဉ်များကို သံလွင်မြစ်ကမ်းဘေးရှိ သော်လဲထတပ်စခန်းမှ ပစ်ခတ်မှုများပြုလုပ်နေသည့်အတွက် KNU က အဆိုပါ တပ်စခန်းအား သိမ်းပိုက်လိုက်ခြင်းဖြစ်ကြောင်းသိရသည်။

သော်လဲထတပ်စခန်းက သံလွင်မြစ်တွင်း သွားလာနေသည့် စစ်ဘေးရှောင်များအတွက် ရိက္ခာသယ်ယာဉ်များအပါအဝင် ရေယာဉ်များကို ပစ်ခတ်မှုများပြုလုပ်နေရာ ပြီးခဲ့သည့်တစ်ပတ်အတွင်းက ထိုင်းနယ်စပ်ကင်းလှည့်ရေယာဉ်ကိုပါ ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

သော်လဲထတပ်စခန်းကို KNU က သိမ်းလိုက်ချိန်တွင် အာဏာသိမ်းစစ်တပ်က လေကြောင်းမှတိုက်ခိုက်မှုများ ထပ်တိုးလုပ်ဆောင်ဖွယ်ရှိလာမည်ဟု ခန့်မှန်းထားကြသဖြင့် ထိုင်းနယ်စပ်ရှိ ကျေးရွာ (၂)ရွာကပါ ဧပြီလ (၂၇) ရက်နေ့ကတည်းက ဘေးလွတ်ရာ တိမ်းရှောင်သွားကြခြင်းဖြစ်သည်။