တာချီလိတ်မြို့တွင် တပ်ကဖမ်းဆီးထိန်းသိမ်းထားသည့် NLD ကိုယ်စားလှယ်များမှထဲက အချို့ကို ပြန်လွှတ်

တာချီလိတ်မြို့တွင် တပ်ကဖမ်းဆီးထိန်းသိမ်းထားသည့် NLD ကိုယ်စားလှယ်များမှထဲက အချို့ကို ပြန်လွှတ်
ဖေဖော်ဝါရီ 1, 2021 | နိုင်ငံရေး| ရှမ်းရှေ့
By Tachileik News Agency

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် တပ်က ၂၀၂၁ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁) ရက်နေ့ နံနက်အစောပိုင်းကစ၍ ဖမ်းဆီးထိန်းသိမ်းထားသည့် NLD ပါတီတာဝန်ရှိသူ (၅) ဦးအနက် အချို့ကို ပြန်လွှတ်ပေးလိုက်ပြီ ဖြစ်ကြောင်း သိရသည်။

ကျွန်တော်တို့ကို တစ်ယောက်စီ ခွဲထားတယ်လေ။ ဘယ်သူတွေ အဖမ်းခံရတယ်ဆိုတာ မသိဘူး။ အစောင့်နဲ့ အခန်းထဲ ထည့်ထားတယ်။ အနားမှာ တစ်ယောက်စောင့်တယ်။

ဟု ဖမ်းဆီးခံရပြီး ပြန်လွတ်လာသူများမှ တစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။ 



တာချီလိတ်ခရိုင် NLD ဥက္ကဌ ဦးဌေးဝင်း၊ တာချီလိတ်မြို့နယ် ပြည်နယ်လွှတ်တော်အမှတ်(၁)မှ ရွေးကောက်ခံ ကိုယ်စားလှယ် ဦးစိုင်းဆိုင်တွီနှင့် မိုင်းဖြတ်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ဒေါက်တာ ယားဘိုရှီးတို့ ညနေပိုင်းတွင် ပြန်လည်လွတ်မြောက်လာခြင်းဖြစ်သည်။

ဖမ်းဆီးခံထားရသူများမှ ရှမ်းပြည်နယ် အာခါတိုင်းရင်းသား လူမျိုးရေးရာကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံထားရသည့် ဦးယာကုပ်အား ထိန်းသိမ်းထားဆဲဖြစ်သည်ဟု မိသားစုကအတည်ပြု ပြောကြားထားပြီး တာချီလိတ်ခရိုင် NLD အတွင်းရေးမှူး ဦးရဲနီထွန်းအား အဆက်အသွယ် မရသေးသဖြင့် ပြန်လည်လွတ်မြောက်လာခြင်းမရှိသေးဟု ယူဆရကြောင်း ပါတီတာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

တပ်က နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် NLD ပါတီမှ တာဝန်ရှိသူများ၊ ကိုယ်စားလှယ်များအား ဖေဖေါ်ဝါရီလ (၁) ရက်နေ့၌ ထိန်းသိမ်းလိုက်ပြီး တပ်ချုပ်က အာဏာသိမ်းလိုက်ကြောင်းနှင့် နိုင်ငံကို အရေးပေါ်အခြေအနေကြေညာကြောင်း တပ်ပိုင် မြဝတီသတင်းဌာနမှတစ်ဆင့် ကြေညာထားခြင်းဖြစ်သည်။

Tachileik News Agency