ကလေးမြို့နယ်အတွင်း အာဏာသိမ်းတပ် စစ်ကြောင်းထိုးနေ၍ တိုက်ပွဲများပြန်ဖြစ်လာနိုင် 

Photo: VAKOK -CNDF
Photo: VAKOK -CNDF
ကလေးမြို့နယ်အတွင်း အာဏာသိမ်းတပ် စစ်ကြောင်းထိုးနေ၍ တိုက်ပွဲများပြန်ဖြစ်လာနိုင် 
By Tachileik News Agency

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်အတွင်း ဒေသကာကွယ်ရေးတပ်ဖွဲ့များနှင့် အာဏာသိမ်းစစ်ကောင်စီတပ်တို့ကြား တိုက်ပွဲများပြင်းထန်ခဲ့ပြီးနောက် ယမန်နေ့ ၂၀၂၂ ခုနှစ် ဩဂုတ်လ (၁၀)ရက်နေ့မှစ၍ အာဏာသိမ်းတပ်က စစ်ကြောင်းပြန်ထိုးလာနေကြောင်း သိရသည်။

တိုက်ပွဲ (၃)ရက်လောက် ပြင်းပြင်းထန်ထန် ဖြစ်ခဲ့တယ်။ အဲဒီတုန်းက ကျွန်တော်တို့ဘက်က ကျည်မလောက်လို့ ပြန်ဆုတ်ခဲ့ရတယ်။ မနေ့လောက်ကစပြီး စစ်ကြောင်းပြန်ထိုးလာတော့ စစ်ရှောင်တွေလည်း စစ်ကြောင်းလွတ်ရာ တခြားဘက် ထပ်ရှောင်နေကြရတယ်။ လောလောဆယ် တိုက်ပွဲတော့ မဖြစ်သေးဘူး

ဟု  VAKOK -CNDF အဖွဲ့က Tachileik News Agency သို့ ပြောသည်။

ပြီးခဲ့သည့် ဩဂုတ်လ (၂)ရက်နေ့က သာယာကုန်းရွာအနီးတွင် အာဏာသိမ်းစစ်ကောင်စီတပ်နှင့် VAKOK-CNDF၊ KKG - CDF၊ Kalay - PDF၊ ပကဖ ၊RKDF ပူးပေါင်းတပ်ဖွဲ့တို့ကြား(၇)နာရီကျော်ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်ရေးတင်းမာနေ၍ ကလေးမြို့နယ်တောင်ပိုင်း လမ်းမကြီးအား အသွားအလာမလုပ်ကြရန် VAKOK-CDF က မေတ္တာရပ်ခံ အသိပေးထားသည်ကိုလည်း တွေ့ရသည်။

ဒေသကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်သည့် VAKOK - CNDF အနေဖြင့် ဒေသတွင်း မကြာခဏ စစ်ကြောင်းထိုးလာသည့် အာဏာသိမ်းစစ်ကောင်စီတပ်အား ရရာလက်နက်အင်အား အနည်းငယ်ဖြင့် တိုက်ခိုက်နေခြင်းဖြစ်ကြောင်း သိရသည်။