စစ်အာဏာရှင်စနစ်ကို လက်မခံကြောင်း တာချီလိတ်တွင် သံပုံးတီးခြင်း၊ မီးပုံးလွှတ်ခြင်းများ ပြုလုပ်

စစ်အာဏာရှင်စနစ်ကို လက်မခံကြောင်း တာချီလိတ်တွင် သံပုံးတီးခြင်း၊ မီးပုံးလွှတ်ခြင်းများ ပြုလုပ်
ဖေဖော်ဝါရီ 4, 2021 | နိုင်ငံရေး| ရှမ်းရှေ့
By Tachileik News Agency

စစ်တပ်က နိုင်ငံတော်အာဏာသိမ်းမှုကို လက်မခံကြောင်းပြသသည့်အနေဖြင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့မှ ဒေသခံများက ညစဉ် ည (၈)နာရီမှစ၍ သံပုံးတီးခြင်းကို လုပ်ဆောင်နေရာမှ ၂၀၂၁ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၄) ရက်နေ့တွင် မီးပုံးလွှတ်၍ ဆုတောင်းခြင်းများကိုပါ လုပ်ဆောင်လာကြသည်ကို တွေ့ရသည်။

ဖေဖေါ်ဝါရီလ (၁) ရက်နေ့က တစ်နိုင်ငံလုံးကို စစ်အာဏာသိမ်းလိုက်တာကို လက်မခံနိုင်တာကို ပြသတဲ့အနေနဲ့ ကျွန်တော်တို့ လူငယ်တွေ စိတ်တူတဲ့သူတွေစုပြီး မီးပုံပျံလွှတ်မယ်လို့ ဆုံးဖြတ်လိုက်တာ။ ကျွန်တော်တို့ တာချီလိတ်က နယ်စပ်မြို့ဆိုတော့ အာဏာရှင်ကို ဆန့်ကျင်တဲ့ အမှတ်အသားပါတဲ့ မီးပုံးပျံလွှတ်လိုက်ရင် တစ်ဖက်နိုင်ငံကပါ ကျွန်တော်တို့ရဲ့ လှုပ်ရှားမှုကို သတိထားမိအောင် လုပ်တာပါ။ စစ်အစိုးရက အာဏာမလွှဲမချင်း ကျွန်တော်တို့ လုပ်ဆောင်သွားမှာပါ

ဟု မီးပုံးပျံလွှတ်သည့်လူငယ်အဖွဲ့မှ ကိုစိုင်းက ပြောသည်။

အာဏာရှင်စနစ်ကို ဆန့်ကျင်သည့် လက်သုံးချောင်းထောင်အလေးပြုသည့် အမှတ်အသားပါသည့် မီးပုံးပျံများလွှတ်တင်ခြင်းအပြင် စစ်အာဏာရှင်စနစ်ကို လက်မခံကြောင်း ပြသသည့်အနေဖြင့် သံပုံးတီးခြင်းကို တာချီလိတ်မြို့တွင် ဖေဖေါ်ဝါရီလ (၃) ရက်နေ့က စတင်လာခြင်းဖြစ်သည်။

ကျွန်တော့်အသက် (၆၅) နှစ်ရှိပြီ။ နောက်ထပ် စစ်အစိုးရခေတ်ကို ကျွန်တော့် ကလေးတွေအတွက် မရှိစေချင်တော့ဘူး။ ဘယ်ပါတီတက်တက် ဒီမိုကရေစီစနစ်ပဲ ရချင်တယ်။ ဒါကြောင့်မို့လို့ ကိုယ်တတ်နိုင်တဲ့နည်းနဲ့ စစ်အာဏာရှင်စနစ်ကို လက်မခံကြောင်းပြတာ

ဟု မကာဟိုခမ်းရပ်ကွက်မှ အမျိုးသားတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ ရွေးကောက်ခံ ကိုယ်စားလှယ်များနှင့် NLD ပါတီ တာဝန်ရှိသူများအား ဖေဖေါ်ဝါရီလ (၁) ရက်နေ့တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဖမ်းဆီးထိန်းသိမ်းလိုက်ပြီး နိုင်ငံတော်အာဏာကို သိမ်းလိုက်သဖြင့် နိုင်ငံတော်အာဏာသိမ်းမှုကို လက်မခံသည့် ပြည်သူများ၊ နိုင်ငံ့ဝန်ထမ်းများက နည်းမျိုးစုံဖြင့် ဆန္ဒထုတ်ဖေါ်နေကြခြင်းဖြစ်သည်။

မြန်မာ့ရိုးရာအစဉ်အလာ ယုံကြည်မှုအရ မကောင်းဆိုးဝါး နှင်ထုတ်ရာတွင် သံပုံးတီးခြင်းကို လုပ်ဆောင်လေ့ရှိသည်။

Tachileik News Agency