တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အသစ်ခန့်အပ်လိုက်သည့် ပြည်ထောင်စုအစိုးရ ဝန်ကြီးအဖွဲ့နှင့် အစည်းအဝေး စတင်ကျင်းပ

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အသစ်ခန့်အပ်လိုက်သည့် ပြည်ထောင်စုအစိုးရ ဝန်ကြီးအဖွဲ့နှင့် အစည်းအဝေး စတင်ကျင်းပ
ဖေဖော်ဝါရီ 2, 2021 | နိုင်ငံရေး
By Tachileik News Agency

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အသစ်ခန့်အပ်လိုက်သည့် ပြည်ထောင်စုအစိုးရ ဝန်ကြီးအဖွဲ့နှင့် အစည်းအဝေးကို ၂၀၂၁ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၂) ရက်နေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ သမ္မတအိမ်တော်၊ အစည်းအဝေးခန်းမ၌ ကျင်းပကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က သတင်းထုတ်ပြန်သည်။

အစည်းအဝေးတွင် ယာယီ သမ္မတ ဦးမြင့်ဆွေ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ခန့်အပ်လိုက်သည့် ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ဦးဝဏ္ဏမောင်လွင်၊ ဦးဝင်းရှိန်၊ ဦးကိုကိုလှိုင်၊ ဦးချစ်နိုင်၊ ဦးကိုကို၊ ဦးမြင့်ကြိုင်နှင့် ဒေါက်တာသက်ခိုင်ဝင်းတို့ တက်ရောက်ကြသည်ဟု သိရသည်။



အဆိုပါ အစည်းအဝေးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည့် အမှာစကားတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အား အသစ်ပြန်လည်ဖွဲ့စည်းပြီး ဆောင်ရွက်မှုများ ဆောင်ရွက်သွားမည်ဖြစ်ပြီး မဲစာရင်းနှင့်ပတ်သက်၍ တပ်မတော်က ထုတ်ပြန်ချက်များသည် ခိုင်မာမှုရှိသည်ဟု ထည့်သွင်းပြောကြားကြောင်း သိရသည်။

“တပ်မတော်၏ စစ်ဆေးတွေ့ရှိချက်များတွင် နည်းပညာအရ ကွန်ပျူတာ၏ ဖတ်ရှုမှု Error အနည်းငယ်မှ လွဲ၍ ကြီးမားစွာမှားယွင်းမှုမရှိကြောင်း၊ အဆိုပါကိစ္စရပ်နှင့် ပတ်သက်၍ သမာသမတ်ရှိသည့် လူပုဂ္ဂိုလ်များဖြင့် စစ်ဆေးပြီး ရလဒ်များ ထွက်ပေါ်လာပါက ဥပဒေနှင့်အညီ ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ မဲစာရင်းများအားဆောင်ရွက်ရာတွင် လူဦးရေစာရင်းများ မှန်မှန်ကန်ကန်ရှိ စေရန်အတွက်လည်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာနမှ ၂၀၁၄ ခုနှစ်သန်းခေါင်စာရင်းနှင့် ၂၀၁၉ ခုနှစ် ရှေ့ပြေးသန်းခေါင်စာရင်းများ အပေါ်မူတည်၍ စာရင်းများမှန်မှန်ကန်ကန်ဖြစ်အောင် ဆောင်ရွက်ရန်လိုကြောင်း” တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည့်အဖွင့်အမှာစကားတွင် ထည့်သွင်းပြောကြားသည်ဟု ထုတ်ပြန်ထားသည်။



ကြားကာလတာဝန်ယူမည့်အဖွဲ့အစည်းဖြစ်ပြီး နိုင်ငံအား ဒီမိုကရေစီလမ်းကြောင်းပေါ် ခိုင်ခိုင်မာမာလျှောက်လှမ်းရန်ဖြစ်ကြောင်းဟု အဖွင့်အမှာစကား၌ ပါရှိသည်ကို တွေ့ရသည်။

နိုင်ငံအနေဖြင့် ဒီမိုကရေစီလမ်းကြောင်းပေါ်တွင် ခိုင်ခိုင်မာမာလျှောက်လှမ်းရန်ဖြစ်ကြောင်း၊ ဒီမိုကရေစီ လမ်းကြောင်းဆိုရာတွင် မိမိတို့နိုင်ငံနှင့်ကိုက်ညီသည့် ဒီမိုကရေစီလမ်းကြောင်းကို ပြောခြင်းဖြစ်ကြောင်း၊ ကိုယ့်နိုင်ငံ၏ Stand အပေါ်တွင်သာယူပြီး သွားရမည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် လွတ်လပ်ပြီး တက်ကြွသည့် ဘက်မလိုက်သော နိုင်ငံခြားရေး မူဝါဒနှင့် သာ ဆောင်ရွက်မည်ဖြစ်ကြောင်း၊ မိမိတို့သည် ကြားကာလတာဝန်ယူရသော အဖွဲ့အစည်း ဖြစ်သဖြင့် မှားယွင်းဆောင်ရွက်၍မရဘဲ အလေးထားဆောင်ရွက်ရန်လိုကြောင်း၊ ဒီမိုကရေစီ စနစ်ကိုလျှောက်လှမ်းရာတွင် မြန်မာနိုင်ငံ၏ ပကတိအခြေအနေနှင့် ကိုက်ညီသည့် ဒီမိုကရေစီစနစ်ကို သွားရန်ဖြစ်ကြောင်း

ဟု ဖေါ်ပြထားသည်။

မြန်မာ့တပ်မတော်က ၂၀၂၁ ခုနှစ်၊ဖေဖေါ်ဝါရီလ (၁)ရက်နေ့၌ နိုင်ငံတော်အာဏာသိမ်းပြီး နိုင်ငံအား အရေးပေါ်အခြေအနေ (၁)နှစ်ကြေညာကာ ယင်းနေ့မှာပင် ပြည်ထောင်စုအစိုးရအဖွဲ့ဝင် ဝန်ကြီးများကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ခန့်အပ်ထားခြင်းဖြစ်သည်။

 

Tachileik News Agency

ဓါတ်ပုံ - တပ်မတော်သတင်းအမှန်ကြားရေးအဖွဲ့