ပူတင်က ဘီလာရုစ်တွင် နျူကလီးယားလက်နက်များ ဖြန့်ကျက်ထားခြင်းမှာ အနောက်အုပ်စုကို သတိပေးခြင်းဖြစ်သည်ဟုဆို

ပူတင်က ဘီလာရုစ်တွင် နျူကလီးယားလက်နက်များ ဖြန့်ကျက်ထားခြင်းမှာ အနောက်အုပ်စုကို သတိပေးခြင်းဖြစ်သည်ဟုဆို
By Mr John

ဘီလာရုစ်နိုင်ငံတွင် နျူကလီးယားလက်နက်များ ဖြန့်ကျချထားခြင်းမှာ ရုရှားအပေါ် မဟာဗျူဟာမြောက် အနိုင်မယူနိုင်ကြောင်း အနောက်အုပ်စုကို သတိပေးချက်ဖြစ်သည်ဟု သမ္မတဗလာဒီမာပူတင်က ၂၀၂၃ ခုနှစ် ဇွန်လ (၁၆) ရက်နေ့တွင် ပြောကြားလိုက်သည်။ 

စိန့်ပီတာစဘတ်မြို့တွင် ကျင်းပသည့် စီးပွားရေးဖိုရမ်တစ်ခုတွင် မိန့်ခွန်းပြောခဲ့စဥ် အနီးကပ် မဟာမိတ်ဖြစ်သည့် ဘီလာရုစ်သို့ နည်းဗျူဟာမြောက် နျူကလီးယားထိပ်ဖူးများ ပို့ဆောင်ထားပြီးဖြစ်ကြောင်း သမ္မတပူတင်က ထုတ်ဖော်ပြောခဲ့ခြင်း ဖြစ်သည်။

သို့သော် ယခုအချိန်တွင် ရုရှားအနေဖြင့် နျူကလီးယားလက်နက်များ အသုံးပြုရန် မလိုအပ်ကြောင်း ရှုမြင်ထားသည်ဟုလည်း ပူတင်က ဆိုသည်။ 

ဘီလာရုစ်သို့ ပထမဆုံး နျူကလီးယားထိပ်ဖူးများ ပို့ဆောင်ထားခဲ့ပြီး နွေရာသီအကုန် သို့မဟုတ် ၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းတွင် ဘီလာရုစ်၌ ရုရှား နျူကလီးယားလက်နက်များ ဖြန့်ကျချထားသည့် လုပ်ငန်းစဥ် အပြီးသတ်လိမ့်မည်ဟု ပူတင်က ဆိုသည်။

ယူကရိန်းကို ကျူးကျော်စစ်ဆင်နွှဲနေသည့် ရုရှားက နျူကလီးယားထိပ်ဖူးများကို နိုင်ငံပြင်ပတွင် ယခုကဲ့သို့ ဖြန့်ကျက်ချထားခြင်းမှာ ဆိုဗီယက်ပြည်ထောင်စု ပြိုကွဲပြီးနောက်ပိုင်း ပထမဆုံးအကြိမ်ဖြစ်ပြီး ယူကရိန်းကို လက်နက်ထောက်ပံ့နေခြင်းနှင့် ပတ်သက်၍ သတိပေးရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း သမ္မတပူတင်က ဆိုသည်။

ပူတင်၏ သစ္စာခံ မဟာမိတ်ဖြစ်သူ ဘီလာရုစ်သမ္မတ လူကာရှင်ကိုက ၎င်း၏နိုင်ငံအနေဖြင့် ရုရှား၏ နည်းဗျူဟာမြောက် နျူကလီးယားလက်နက်များကို စတင်လက်ခံနေပြီဖြစ်ပြီး ၁၉၄၅ ခုနှစ်အတွင်း အမေရိကန်က ဂျပန်တွင် ကြဲချခဲ့သည့် အဏုမြူဗုံးများထက် (၃) ဆ ပိုပြင်းသည့် လက်နက်များ ပါဝင်ကြောင်း ဇွန်လ (၁၃) ရက် နှောင်းပိုင်းတွင် ပြောခဲ့သည်။



Source: Reuters