ကျိုင်းတုံဆေးရုံမှ လက်ထောက်ဆရာဝန်(၇)ဦးကို အာဏာသိမ်းအဖွဲ့က ပုဒ်မ ၅၀၅-က ဖြင့် ထပ်မံ အမှုဖွင့်

ကျိုင်းတုံဆေးရုံမှ လက်ထောက်ဆရာဝန်(၇)ဦးကို အာဏာသိမ်းအဖွဲ့က ပုဒ်မ ၅၀၅-က ဖြင့် ထပ်မံ အမှုဖွင့်
ဧပြီ 27, 2021 | ရှမ်းရှေ့

အာဏာသိမ်းစစ်ကောင်စီ၏ သတင်းထုတ်ပြန်ရေးအဖွဲ့က ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်ထားသည့် ဆရာဝန်(၂၀)ဦးတွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့ရှိ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီး(ကျိုင်းတုံ)မှ ဆရာဝန် (၇)ဦး ပါဝင်ကြောင်း   ဧပြီလ(၂၇)ရက်နေ့ ညပိုင်းက သတင်းထုတ်ပြန်ထားသည်။

အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီး(ကျိုင်းတုံ)မှ CDM လုပ်ဆောင်ထားသည့် ဆရာဝန်နှင့်သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်းများအားလုံးကို အမှုဖွင့်ထားပြီးဖြစ်သော်လည်း တစ်ဦးချင်းစီအမည်ဖြင့် ဧပြီလ(၂၄)ရက်နေ့က အထူးကုဆရာဝန် ဒေါက်တာတင်ထွန်းဦး နှင့် ဒေါက်တာအိအိကို၊ ဧပြီလ(၂၅)ရက်နေ့က အထူးကုဆရာဝန် ဒေါက်တာစိုင်းဝန်းဖန်းဆိုင် နှင့် လက်ထောက်ဆရာဝန်များဖြစ်သည့် ဒေါက်တာမိုးဇော်လတ်၊ ဒေါက်တာသိန်းသိန်းနွယ်၊ ဒေါက်တာခိုင်ဇာယုရှိန်၊ ဒေါက်တာသိုက်ထွန်းအောင် နှင့် ဒေါက်တာငြိမ်းဝေထွန်းတို့ အပါအဝင် ဧပြီလ(၂၆)ရက်နေ့က အထူးကုဆရာဝန် ဒေါက်တာသပြေကြည်၊ လက်ထောက်ဆရာဝန်များဖြစ်သည့် ဒေါက်တာဇာခြည်စိုးမြင့်၊ ဒေါက်တာနီလာအောင်၊ ဒေါက်တာဆန်းရို၊ ဒေါက်တာ အောင်သူကျော်၊ ဒေါက်တာခိုင်သဉ္ဇာဝင်းနှင့် ဝေဇင်ထွေး၊ ဧပြီလ(၂၇)ရက်နေ့တွင် လက်ထောက်ဆရာဝန်များဖြစ်သည့် ဒေါက်တာကျော်လှိုင်စိုး၊ ဒေါက်တာအေးမြသူ၊ ဒေါက်တာသန်းထွဋ်အောင်၊ ဒေါက်တာမင်းခန့်၊ ဒေါက်တာစိုင်းစိုင်း၊ ဒေါက်တာထက်အောင် နှင့် ဒေါက်တာအောင်ကျော် အပါအဝင် စုစုပေါင်း (၂၂)ဦးသည် ပုဒ်မ ၅၀၅ - က ဖြင့် အမှုဖွင့်ခံထားရခြင်း ဖြစ်သည်။

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)အနေဖြင့် ကျိုင်းတုံဆေးရုံမှာ (၂၂)ဦး အပါအဝင် မိုင်းယန်းမြို့နယ်မှ ဆေးရုံအုပ်ကြီး ဒေါက်တာဖြိုးထွဋ်ဘိုဘိုထွန်း၊ မိုင်းဆတ်ပြည်သူ့ဆေးရုံမှ အထူးကုဆရာဝန်များဖြစ်သည့် ဒေါက်တာသိန်းထွန်းအောင်နှင့် ဒေါက်တာနှင်းဖြူဖြူစိုး အပြင် လက်ထောက်ဆရာဝန် ဒေါက်တာမျိုးမင်းသန်း၊ မိုင်းတုံပြည်သူ့ဆေးရုံမှ လက်ထောက်ဆရာဝန် ဒေါက်တာစမျိုးမင်း နှင့် တာချီလိတ်ဆေးရုံမှ အထူးကုဆရာဝန်များဖြစ်သည့် ဒေါက်တာကျော်စွာမြင့် နှင့် ဒေါက်တာနေလင်းအောင်တို့ကိုလည်း အပါအဝင်ဖြစ်သည်။