ကယားပြည်နယ် ဒီးမော့ဆိုမြို့တွင် အာဏာသိမ်းအကြမ်းဖက်အဖွဲ့က ပစ်ခတ်၍ ပြည်သူ(၁)ဦး ကျဆုံးပြီး (၅)ဦး နီးပါး ကျည်မှန် ဒဏ်ရာရထား

ကယားပြည်နယ် ဒီးမော့ဆိုမြို့တွင် အာဏာသိမ်းအကြမ်းဖက်အဖွဲ့က ပစ်ခတ်၍ ပြည်သူ(၁)ဦး ကျဆုံးပြီး (၅)ဦး နီးပါး ကျည်မှန် ဒဏ်ရာရထား
ဧပြီ 27, 2021 | ကယား

 ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် (၆)မိုင်စံပြ ကျေးရွာတွင် ဧပြီလ (၂၇)ရက်နေ့ နေ့လည်ပိုင်းက  အာဏာသိမ်းစစ်ကောင်စီ၏ အကြမ်းဖက်လက်နက်ကိုင်များမှ ပစ်ခတ်မှုကြောင့် ရွာသားတစ်ဦး ကျည်ထိမှန် ကျဆုံးသွားကြောင်း  သိရသည်။ 

ဒီးမော့ဆိုမြို့နယ်အတွင်း အာဏာသိမ်းစစ်ကောင်စီ၏ တပ်ဖွဲ့များမှ ဧပြီလ (၂၇)ရက်နေ့ မနက်ပိုင်းမှစ၍ လှည့်လည်ကာ လူထုလုံခြုံရေး အတားအဆီးများကို ဖယ်ရှားနေကြခြင်း ဖြစ်ပြီး (၆)မိုင်စံပြ ကျေးရွာတွင် ကျေးရွာတွင်း အတားအဆီးဖယ်ရှားဖျက်ဆီးစဥ် ထိပ်တိုက် တွေ့သည့် ဒေသခံလူထုများအား စစ်သားနှင့်ရဲမှ  ရာဘာကျည်အပြင် ကျည်အစစ်များနဲ့ပါ ပစ်ခတ်ခဲ့၍ အသက် (၅၀)နှစ်ဝန်ကျင်အရွယ် ဦးပေါလူ မှာကျည်ထိဒဏ်ရာဖြင့် ကျဆုံးခဲ့ကြောင်း ဒေသခံ တစ်ဦးက အတည်ပြုသည်။ 

"သူတို့က ပိတ်ထားတဲ့လမ်းတွေကို လိုက်ဖျက်ဆီးတယ်။ အဲ့မှာရွာသားတွေနဲ့ ထိပ်တိုက်တွေ့တယ်။ တပ်က သေနတ်တွေနဲ့ ပစ်ပြီးတော့ ရွာသားတွေကလည်း လေးခွနဲ့ပြန်ပစ်ကြတာပေါ့။အဲ့မှာ ကျည်အစစ်နဲ့ ပစ်လိုက်တော့ တစ်ယောက်ထိပြီး ဆုံးသွားတယ်။ ဆုံးသွားတဲ့တစ်ယောက်က သူ့အိမ်ကို ပြန်ပြေးပြန်တာ အဲ့ဒါကို စစ်သားတွေက နောက်ကပြေးပြီး လိုက်ပစ်တာ။  အိမ်ထိလိုက်ပြီး နီးနီးကပ်ကပ်ပစ်လိုက်တာ ဆုံးသွားတာပေါ့။ ဒဏ်ရာရတဲ့ထဲက တစ်ယောက်ကတော့ ခေါင်းလားမသိဘူးထိထားတော့ စိုးရိမ်ရတယ်။ ခုလုံခြုံတဲ့နေရာမှာပို့ပြီးကုနေတယ်။ " ဟု ဒေသခံတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ အတည်ပြုပြောသည်။ 

အာဏာသိမ်းစစ်ကောင်စီ၏ တပ်ဖွဲ့များ၏ ပစ်ခတ်မှုကြောင့် (၆)မိုင်စံပြကျေးရွာမှ ကျဆုံးသွားသူ တစ်ဦးရှိပြီး ဒဏ်ရာရှိသူ (၅) ဦးခန့်ရှိကြောင်းနှင့် တစ်ဦးမှာ စိုးရိမ်ရသည့်အနေအထားရှိပြီး လုံခြုံသည့်နေရာတွင် ဆေးကုသမှုပေးထားကြောင်းသိရသည်။ 

ဧပြီလ (၂၇)ရက်နေ့တွင် လွိုင်ကော်မှ ဒီမော့ဆိုမြို့နယ် တစ်လျှောက် ကျေးရွာများရှိ ပြည်သူ့လုံခြုံရေး အတားအဆီးများကို  စစ်တပ်နှင့်ရဲ အင်အားအများအပြားမှ လိုက်လံ ဖြိုဖျက်ခဲ့၍ လမ်းသွားလမ်းလာ ပြည်သူများမှ ရှောင်တိမ်းသွားလာနေကြရပြီး (၆)မိုင်စံပြကျေးရွာမှာလည်း  ပြည်သူ့လုံခြုံရေးအတားအဆီးတွေကို လာရောက်ဖြိုဖျက်တဲ့အချိန်မှာ စစ်ကောင်စီအုပ်စုက အကြမ်းဖက် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။