လွိုင်ကော်တက္ကသိုလ်တွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်အား တော်လှန်ရေးတပ်များတိုက်ခိုက်ရာ တပ်ရင်းတစ်ရင်းကျော် သေဆုံး ၃၂ ဦး လက်နက်ချအညံ့ခံ

လွိုင်ကော်တက္ကသိုလ်တွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်အား တော်လှန်ရေးတပ်များတိုက်ခိုက်ရာ တပ်ရင်းတစ်ရင်းကျော် သေဆုံး ၃၂ ဦး လက်နက်ချအညံ့ခံ
နိုဝင်ဘာ 15, 2023 | 2021 Military Coup| ကယား

ကယား(ကရင်နီ)ပြည်နယ် လွိုင်ကော်တက္ကသိုလ်ဝန်းအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်အား ကရင်နီအမျိုးသားတော်လှန်ရေးတပ်များက တိုက်ခိုက်ခဲ့ရာ တပ်ရင်းတစ်ရင်းကျော်သေဆုံးပြီး (၃၂)ဦး လက်နက်ချ အညံ့ခံခဲ့ကြောင်း KNDFဗဟိုထံမှ သိရသည်။

ပြီးခဲ့သည့် ၂၀၂၃ခုနှစ် နိုဝင်ဘာလ (၁၃)ရက်နေ့တစ်နေ့လုံး လွိုင်ကော်တက္ကသိုလ်ဝန်းအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်အား တိုက်ခိုက်ခဲ့ရာ ခမရ (၄၂၅)တပ်ရင်းမှူးနှင့် ဒုရင်းမှူးအပါအဝင် တပ်ရင်းတစ်ရင်းလုံးနီးပါး သေဆုံးခဲ့ပြီး ခမရ(၆)၏ အင်အားတစ်ဝက်နီးပါးကိုလည်း ချေမှုန်းနိုင်ခဲ့သည်ဟု သိရသည်။

ထို့နောက် နိုဝင်ဘာလ (၁၄)ရက်နေ့တွင်  ခမရ (၆)မှ ကျန်ရှိတပ်ဖွဲ့ဝင်များအား လက်နက်ချအညံ့ခံရန် အခွင့်အရေးပေးခဲ့ပြီးနောက် တပ်ခွဲမှူး ကောင်းမြတ်ကိုဦးစီးသော စစ်ကောင်စီတပ်သား (၃၂)ဦး လက်နက်ချ အညံ့ခံခဲ့ကြောင်း သိရသည်။

၁၁.၁၁ စစ်ဆင်ရေး၏ အစိတ်အပိုင်းတစ်ခုအဖြစ် လွိုင်ကော်တက္ကသိုလ်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ရင်း (၂)ရင်းအပါအဝင် စစ်ကောင်စီတပ်ရင်းမှူးနှင့် ဒုရင်းမှူးများအပါအဝင် တပ်ဖွဲ့ဝင် (၁၁၀)ကျော်အား ခြေမှုန်းနိုင်ခဲ့ပြီး စစ်သုံပန်း(၃၈)ယောက်၊ လက်နက်ကြီး၊ လက်နက်ငယ်မျိုးစုံ (၁၂၈)လက်နှင့် ခဲယမ်းပစ္စည်းများအား သိမ်းဆည်းနိုင်ခဲ့ကြောင်း သိရသည်။ 

လက်နက်ချ အညံ့ခံသည့် စစ်ကောင်စီသုံ့ပန်းများအား KNDF၏ စစ်ဖက်ဆိုင်ရာ အက်ဥပဒေနှင့် သုံ့ပန်းဆိုင်ရာမူဝါဒများအတိုင်း ခံစားခွင့်ပေးထားပြီး ကျန်းမာရေးစောင့်ရှောက်မှုများပါ အပြည့်အဝပေး၍ ထိန်းသိမ်းထားရှိကြောင်း ထုတ်ပြန်ထားသည်။

#TachileikNewsAgency

Photo : KNDF