လွိုင်ကော် လောပိတရေလျှံထိန်း လုံခြုံရေးရဲကင်းမှ ရဲ(၈)ဦးကို လက်နက်များနှင့်အတူ KNDF က ဖမ်းဆီးရမိ

Photo: KNDF
Photo: KNDF
လွိုင်ကော် လောပိတရေလျှံထိန်း လုံခြုံရေးရဲကင်းမှ ရဲ(၈)ဦးကို လက်နက်များနှင့်အတူ KNDF က ဖမ်းဆီးရမိ
မေ 1, 2022 | ကယား

ကရင်နီ(ကယား)ပြည်နယ် လွိုင်ကော်မြို့နယ်ရှိ လောပိတရေလျှံထိန်း လုံခြုံရေးရဲကင်းမှ ရဲ(၈)ဦးကို ဧပြီလ(၂၉)ရက်က လက်နက်များနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် - KNDF က ယနေ့ မတ်လ(၁)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

 လောပိတ ရေလျှံထိန်းလုံခြုံရေးရဲကင်းအား ကရင်နီတပ်မတော် (KA)နှင့် KNDF တို့မှ အလစ်အငိုက်ဝင်ရောက်စီးနင်းခဲ့ရာ၊ သေနတ်သံ မပေါက်ဘဲ၊ လုံခြုံရေးရဲ (၈)ဦးကို ဖမ်းစီးရမိခဲ့ပြီး၊ သေနတ် (၈)လက်နှင့် ကျည်အချို့ကို၊ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

KNDF မှ ရေလျှံထိန်း လုံခြုံရေးရဲ (၈) ဦးအား လူ့ဂုဏ်သိက္ခာနှင့်အညီ ဖမ်းဆီးထိန်းသိမ်းထားပြီး အရေးယူဆောင်ရွက်နိုင်ရန်အတွက် ကရင်နီပြည်ရဲဌာန (KSP) သို့ လွှဲအပ်ထားကြောင်း သိရသည်။

ကရင်နီ(ကယား)ပြည်တွင် ဧပြီလနောက်ဆုံးတပတ်အတွင်း အာဏာသိမ်းစစ်ကောင်စီတပ်နှင့် ကရင်နီပူးပေါင်းတပ်ဖွဲ့ကြား ဒီးမောဆိုနှင့် ဖရူဆိုမြို့နယ်များ၌ တိုက်ပွဲများဖြစ်ပွားကာ စစ်ကောင်စီတပ်သား(၂၄)ဦးသေကြောင်း သိရသည်။

ဧပြီလနောက်ဆုံးအပတ်တွင် စစ်ကောင်စီတပ်များသည် ဒီးမော့ဆိုမြို့နယ်အတွင်း နန်းမယ်ခုံမှ ဒေါငံခါးနှင့်ခေါက်ပလော့ကျေးရွာအထိ နယ်မြေများထိန်းချုပ်နိုင်ရေးနှင့် အကြမ်းဖက်နယ်မြေစိုးမိုးနိုင်ရေး ကြိုးစားနေပြီး ဖရူဆိုမြို့နယ်၊ ထားလဲမှ ဘောလခဲမြို့နယ်၊ နန်းဖဲဘက်သို ထိုးဖောက်နိုင်ရန် စစ်ကြောင်းထိုးလျက်ရှိကြောင်း သိရသည်။

ထိုအပြင် ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ်မှ ကရင်နီ ပြည်နယ်သို၊ စစ်မော်တော်ယာဥ် (၃၀)စီးပါယာဥ်တန်းဖြင့် အင်အားဖြည့်တင်းလျက်ရှိသည်ဟု ဆိုသည်။