တာချီလိတ်မြို့မဈေးရှိ ပျံကျဈေးရုံတွင် ဈေးသည်များအပေါ် လစဉ်ငွေ တိုးမြှင့် ကောက်ခံ 

တာချီလိတ်မြို့မဈေးရှိ ပျံကျဈေးရုံတွင် ဈေးသည်များအပေါ် လစဉ်ငွေ တိုးမြှင့် ကောက်ခံ 
ဧပြီ 21, 2021 | ရှမ်းရှေ့

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့မ(ဝမ်ကောင်း)ဈေးအတွင်းရှိ ပျံကျဈေးရုံအတွင်းမှ ဈေးသည်များအပေါ် ကုမ္ပဏီက လစဉ်ငွေ တိုးမြှင့်ကောက်ခံမှုကြောင့် ဈေးသည်များမှာ အစားအသောက်နှင့် စားသောက်ကုန်များကို ဈေးနှုန်းမြှင့်တင်ပြီး ရောင်းချရမည့် အခြေအနေ နှင့် ရင်ဆိုင်နေရသည်။

အခု ဝမ်ကောင်းပျံကျဈေးရုံကို ဒီမြို့မဈေးဆောက်လုပ်ခွင့်ရခဲ့တဲ့ မင်းခေတ်သစ်ကုမ္ပဏီက မြေနေရာငှားပြီး ဖွင့်ထားတာ။  အဲ့ဒါကြောင့် အခု ပျံကျဈေးခုံ နဲ့ ဆိုင်ခန်းကို ဈေးမြှင့်လိုက်တာလို့ ပြောတယ်။ အခုလို တိုးမြှင့်ကောက်လိုက်တော့ ကျွန်မတို့လည်း ဈေးနှုန်းတိုးမြင့်ပြီး ရောင်းဖို့က လွဲရင် မတတ်နိုင်တော့ဘူး

ဟု ဈေးသည်အမျိုးသမီးတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ဧပြီလ(၂၁)ရက်နေ့တွင် ပြောသည်။

ဝမ်ကောင်း ပျံကျဈေးရုံအတွင်းရှိ ဈေးအုတ်ခုံများကို တစ်ခုံလျှင် တစ်လ ဘတ်(၂,၀၀၀) ကောက်ခံနေရာမှ ဘတ်(၃,၀၀၀)အဖြစ် လည်းကောင်း၊ ဆိုင်ခန်းတစ်ခန်းလျှင် တစ်လ ဘတ်(၅,၀၀၀) ကောက်ခံနေရာမှ ဘတ်(၇,၀၀၀)အဖြစ်လည်းကောင်း ၂၀၂၁ခုနှစ် ဧပြီလက စ၍ ပေးဆောင်ရကြောင်း သိရသည်။

အခုလို တိုးကောက်တော့ ကျွန်မတို့အတွက် ဘယ်လိုမှ အဆင်မပြေနိုင်ဘူး။ နေ့ပြန်တိုးကလည်း ပေးရသေးတယ်။ ပြီးခဲ့တဲ့ တစ်နှစ်လုံးကလည်း ကိုဗစ်ကြောင့် အဆင်မပြေ။ အခုလည်း အဆင်မပြေ။ ဒီလိုအဆင်မပြေတဲ့ ကာလမှာ ကုမ္ပဏီဘက်ကလည်း စဉ်းစားပေးသင့်သလို စည်ပင်ကလည်း လစ်လျူမရှုသင့်ဘူး

ဟု ဈေးသည်တစ်ဦးက ပြောသည်။

သတ်မှတ်နှုန်းထားများကို ၂၀၂၁ခုနှစ် ဧပြီလက စ၍ ပေးဆောင်နေရခြင်းဖြစ်ပြီး ကုမ္ပဏီမှ ယင်းသို့ ကောက်ခံနေမှုအပေါ် စည်ပင်သာယာရေးဌာက ထိန်းကျောင်းပေးခြင်းမရှိကြောင်း ဈေးသည်များက ဆိုသည်။