တောမီး နှင့် မီးခိုးမြူပြဿနာဖြေရှင်းရေး တာချီလိတ်ခရိုင်သစ်တောဦးစီးဌာနကို မီးသတ်ယာဉ်နှစ်စီးပံ့ပိုး

တောမီး နှင့် မီးခိုးမြူပြဿနာဖြေရှင်းရေး တာချီလိတ်ခရိုင်သစ်တောဦးစီးဌာနကို မီးသတ်ယာဉ်နှစ်စီးပံ့ပိုး
ဒီဇင်ဘာ 15, 2019
By Tachileik News Agency
တောမီး နှင့် မီးခိုးမြူပြဿနာဖြေရှင်းရေး တာချီလိတ်ခရိုင်သစ်တောဦးစီးဌာနကို မီးသတ်ယာဉ်နှစ်စီးပံ့ပိုး

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်အတွင်း နှစ်စဉ်ကြုံတွေ့နေရသည့် တောင်ယာမီးနှင့် မီးခိုးမြူ ပြဿနာများ ဖြေရှင်းနိုင်ရေးအတွက် တာချီလိတ်ခရိုင်သစ်တောဦးစီးဌာနကို ပံ့ပိုးပေးသည့် မီးသတ်ယာဉ်(၂)စီး ရောက်ရှိလာပြီဖြစ်၍ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၁၅)ရက်နေ့က လေ့ကျင့်နေပြီဖြစ်ကြောင်း သိရသည်။

"တာချီလိတ်မြို့မှာရှိတဲ့ သစ်တောတွေမှာ တောမီးအန္တရာယ်တွေ ကာကွယ်ဖို့ကိစ္စရယ်၊ တာချီလိတ်မှာ မနှစ်ကဖြစ်ခဲ့တဲ့ မီးခိုးမြူပြသနာတွေကို တဖက်တလမ်းကနေ အထောက်အကူပြုဖို့အတွက် မီးသတ်ဌာနနဲ့ပေါင်းပြီး ဆောင်ရွက်ဖို့အတွက် မီးသတ်ကား (၂) စီးကို ဌာနကနေ ပံ့ပိုးပေးတာပါ။ ပြီးခဲ့တဲ့ ၂၀၁၈- ၁၉ ဘဏ္ဍာရေးနှစ်က ချပေးတာပါ"ဟု သစ်တောဦးစီးဌာန၏ တွဲဖက်ပြည်နယ်(ကျိုင်းတုံ)မှ ဒုတိယညွှန်ကြားရေးမှူး ဦးစိုးတင့် တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တာချီလိတ်ခရိုင်အတွင်းရှိ သစ်တောဝန်ထမ်းများအနေဖြင့် တောမီးကာကွယ်ရေးနှင့် ငြှိမ်းသတ်ရေးယာဉ်များကို ကိုင်တွယ် အသုံးပြုနိုင်ရေးအတွက် တာချီလိတ်ခရိုင်မီးသတ်ဦးစီဌာနမှ ခရိုင်ဦးစီးမှူး ဦးကျော်ကိုကိုနှင့် မီးသတ်တပ်ဖွဲ့ဝင် (၁၅) ဦးက ရှမ်းရိုးမကွင်းအတွင်း စာတွေ့လက်တွေ့သင်ကြားပေးနေပြီး သစ်တောဦးစီးဌာန၏ တွဲဖက်ပြည်နယ်(ကျိုင်းတုံ)မှ ဒုတိယညွှန်ကြားရေးမှူး ဦးစိုးတင့် အပါအဝင် ကျိုင်းတုံ၊ မိုင်းဆတ်၊ မိုင်းဖြတ်နှင့် မိုင်းတုံမြို့များမှ သစ်တောဝန်ထမ်း(၂)ဦးစီနှင့် တာချီလိတ်ခရိုင်/မြို့နယ်သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ တက်ရောက်နေကြသည်။

"သစ်တောဦးစီးဌာနက တောမီးငြှိမ်းဖို့ မီးသတ်ယာဉ် (၂) စီးရတော့ ကျွန်တော်တို့ မီးသတ်နဲ့ လာပြီး ပေါင်းစပ်တာပေါ့။ ယာဉ်စက်တွေ ကိုင်တွယ်ပုံကျတော့ မီးသတ်တပ်ဖွဲ့က လက်ပွန်းတတီးနဲ့ ကိုင်တွယ်ဘူးတာဆိုတော့ သူတို့လ ာပေါင်းစပ်တော့ ပထမပိုင်းစာတွေ့ပို့ချပြီးတော့ ကွင်းထဲမှာ လက်တွေ့ ကိုင်တွယ်အသုံးပြုတာကို ပြတဲ့သဘောပါ"ဟု တာချီလိတ်ခရိုင်မီးသတ်ဦးစီဌာနမှ ခရိုင်ဦးစီးမှူး ဦးကျော်ကိုကိုက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

 

တောမီးကာကွယ်ရေးနှင့် ငြှိမ်းသတ်ရေးယာဉ် (၂)စီးကို အာရှဒေသ သစ်တောပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ (Asian Forest Cooperation Organization- AFoCO) နှင့် မြန်မာနိုင်ငံသစ်တောများ ပြန်လည်ထူထောင်ရေးမှ ပံ့ပိုးပေးခြင်းဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံမြောက်ပိုင်းနှင့် နယ်စပ်ဒေသဖြစ်သည့် ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသတွင် နှစ်နိုင်ငံမှ တောင်ယာမီးရှို့သည့်ဓလေ့ကြောင့် မီးခိုးမြူဖုံးလွှမ်းခြင်းကို ကာလရှည်ခံစားရခြင်းဖြစ်သည်။

Tachileik News Agency
သတင်း/ဓါတ်ပုံ ဟန်စိုးထိုက်

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~