တာချီလိတ်မြို့နယ်အတွင်း ဘာသာရေးဆိုင်ရာ ဝတ်ပြု၊ ဆုတောင်းခြင်းများ ခွင့်ပြုနိုင်ရေး ဆွေးနွေး

တာချီလိတ်မြို့နယ်အတွင်း ဘာသာရေးဆိုင်ရာ ဝတ်ပြု၊ ဆုတောင်းခြင်းများ ခွင့်ပြုနိုင်ရေး ဆွေးနွေး
နိုဝင်ဘာ 24, 2020
By Tachileik News Agency
 
တာချီလိတ်မြို့နယ်အတွင်း ဘာသာရေးဆိုင်ရာ ဝတ်ပြု၊ ဆုတောင်းခြင်းများ ခွင့်ပြုနိုင်ရေး ဆွေးနွေး
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့နယ်အတွင်းမှ ဘာသာပေါင်းစုံ၏ ဘာသာရေးခေါင်းဆောင်များနှင့် မြို့နယ် COVID 19 ရောဂါ ထိန်းချုပ်ကာကွယ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီတို့ ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ (၂၄) ရက်နေ့ နံနက်က တွေ့ဆုံပြီး ဘာသာရေးဆိုင်ရာ ဝတ်ပြု ဆုတောင်းခွင့် ပြုနိုင်ရေးအတွက် ကျန်းမာရေးလမ်းညွှန်ချက်များနှင့်အညီ ပြင်ဆင်ရေး ဆွေးနွေးကြသည်။
"ကျွန်တော်တို့ COVID 19 ဗဟိုကော်မတီကနေ ညွှန်ကြားထားတာ ရှိတယ်။  ဒီ နိုဝင်ဘာလကုန်ကစပြီး ဘာသာပေါင်းစုံ ဝတ်ပြုဆုတောင်းခြင်းတွေကို ခွင့်ပြုပေးမယ်လို့ ညွှန်ကြားထားတာရှိတယ်။ ခွင့်ပြုတဲ့အခါမှာလည်း ကျန်းမာရေးဝန်ကြီးဌာနက ညွှန်ကြားထားတဲ့ SOP နဲ့အညီ ဆောင်ရွက်ဖို့ဆိုပြီး ညွှန်ကြားလာတဲ့အတွက် တာချီလိတ်မှာဆိုရင် ရွှေတိဂုံဘုရား၊ လွယ်ယွန်းခမ်း၊ ကျိုက်ထီးရိုးရယ်၊ နောက်အခြားဘာသာရေးအဖွဲ့က ခေါင်းဆောင်တွေရယ် တွေ့ဆုံတယ်။ တွေ့ဆုံပြီးတော့ ကျန်းမာရေးဘက်က ဆောင်ရွက်ရမယ်လို့ ညွှန်ကြားထားတဲ့ SOP တွေကို ချပြရှင်းလင်းတယ်။ ကျန်းမာရေးဌာနက ညွှန်ကြားချက်တွေနဲ့အညီ ဆောင်ရွက်ဖို့ဆိုပြီး ဆွေးနွေးတာဖြစ်ပါတယ်"ဟု တာချီလိတ်မြို့နယ် COVID 19 ရောဂါ ထိန်းချုပ်ကာကွယ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီ ဥက္ကဌ ၊ တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
ဘာသာ အသီးသီးအနေဖြင့် ဘာသာရေးဆိုင်ရာပွဲများကို တစ်ကြိမ်လျှင် လူဦးရေ (၃၀) အောက်စီဖြင့် ကျင်းပခွင့်ပြုနိုင်ရေးအတွက် ဘာသာရေးအဆောက်အဦများ၏ အဝင်နေရာတွင် လာရောက်သူများ လက်ဆေးနိုင်ရန် လုံလောက်သည့် လက်ဆေးကန်အရေအတွက် ထားပေးခြင်း၊ လာရောက်သူများကို Mask တပ်ဆင်စေခြင်းစသည့် COVID 19 ကာကွယ်ရေးဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ သက်ဆိုင်ရာ ဘာသာရေးခေါင်းဆောင်၊ ဂေါပကများက တာဝန်ယူ ပြင်ဆင်ဆောင်ရွက်ပြီးပါက မြို့နယ်  COVID 19 ရောဂါ ထိန်းချုပ်ကာကွယ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီက ကွင်းဆင်းစစ်ဆေးမည်ဖြစ်သည်။
" သူတို့ဆောင်ရွက်ပြီးရင် မြို့နယ်ကိုဗစ်ကို စာတင်ရမှာဖြစ်ပါတယ်။ ကျွန်တော်တို့က ကွင်းဆင်းစစ်ဆေးပေးပြီး တစ်လမှာ (၄)ကြိမ် တစ်ကြိမ်လျှင် လူ (၃၀)အောက် ဝတ်ပြုဆုတောင်းခွင့်ရမှာဖြစ်ပါတယ်။"ဟု တာချီလိတ်မြို့နယ် COVID 19 ရောဂါ ထိန်းချုပ်ကာကွယ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီ ဥက္ကဌ ဦးချမ်းမြေ့စောက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
ဘာသာရေးဆိုင်ရာ ဝတ်ပြုဆုတောင်းခြင်းများအား ခွင့်ပြုပြီးပါကလည်း COVID 19 ကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ ဆက်လက်ဆောင်ရွက်နိုင်ရေးကို သက်ဆိုင်ရာ ဂေါပကအဖွဲ့၊ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့များက အနီးကပ်ကြီးကြပ်ဆောင်ရွက်ကြရမည်ဖြစ်သည်။
ဂေါပကအဖွဲ့များ၊ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့များ၏ ကြီးကြပ်ဆောင်ရွက်နေမှုကို ရပ်/ကျေးအုပ်ချုပ်ရေးမှူးနှင့် ကျန်းမာရေးအဖွဲ့များက ထပ်ဆင့်ကြီးကြပ်မည်ဖြစ်ကာ ဘာသာရေးအဆောက်အဦအားလုံး၌ COVID 19 ကာကွယ်ရေးလမ်းညွှန်ချက်များနှင့် ညီညွတ်မှုရှိ၊ မရှိကို မြို့နယ်သာသနာရေးဦးစီးဌာနက ကြီးကြပ်ဆောင်ရွက်မည်ဖြစ်သည်။
တာချီလိတ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းတွင် နိုဝင်ဘာလ (၂၄) ရက်နေ့က ကျင်းပသည့်ဆွေးနွေးပွဲသို့ ဘာသာပေါင်းစုံခေါင်းဆောင်များ၊ ကျန်းမာရေးဦးစီးဌာန၊ သာသနာရေးဦးစီးဌာနတို့မှလည်း တက်ရောက်ကြသည်။
Tachileik News Agency
သတင်း - ဟန်စိုးထိုက်
ဓာတ်ပုံ - ကျော်ဇင်ဟိန်း

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~