တာချီလိတ် - မယ်ဆိုင်အကြားရှိ မယ်ဆိုင်ချောင်းအတွင်း ရေစီးရေလာ ကောင်းမွန်စေရေးအတွက် မြန်မာဘက်ခြမ်းက နုန်းတူးဖော်မှုများ စတင်

တာချီလိတ် - မယ်ဆိုင်အကြားရှိ မယ်ဆိုင်ချောင်းအတွင်း ရေစီးရေလာ ကောင်းမွန်စေရေးအတွက် မြန်မာဘက်ခြမ်းက နုန်းတူးဖော်မှုများ စတင်
ဖေဖော်ဝါရီ 24, 2020
By Tachileik News Agency
တာချီလိတ် - မယ်ဆိုင်အကြားရှိ မယ်ဆိုင်ချောင်းအတွင်း ရေစီးရေလာ ကောင်းမွန်စေရေးအတွက် မြန်မာဘက်ခြမ်းက နုန်းတူးဖော်မှုများ စတင်

မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ တာချီလိတ် နှင့် မယ်ဆိုင်အကြားရှိ မယ်ဆိုင်ချောင်းတွင် နွေရာသီကာလအတွင်း ထိုင်းနိုင်ငံဘက်မှ ရေမြောင်းဖြင့် စိုက်ပျိုးရေသွယ်ယူမှုများကြောင့် ချောင်းရေခမ်းခြောက်မှု မဖြစ်စေရေးအတွက် မြန်မာဘက်ခြမ်း၌ စက်ယန္တရားဖြင့် ချောင်းအတွင်းနုန်းတူးဖော်မှုကို ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလ (၂၄) ရက်နေ့ ညနေပိုင်းက စတင်ဆောင်ရွက်နေသည်။

မယ်ဆိုင်ချောင်းရေကို နှစ်နိုင်ငံညီမျှစွာသုံးစွဲမယ်ဆိုတဲ့ စာချုပ်အရ ကျွန်တော်တို့ဘက်ခြမ်းမှာ မယ်ဆိုင်ချောင်းရေက နည်းပါးလာတယ်။ ကွင်းဆင်းကြည့်တဲ့အခါမှာ အရင်နှစ်တွေတုန်းကလို(၄) နေရာလောက်မှာ ချောင်းရေကိုရယူ သုံးစွဲနေတာတွေ့ရပါတယ်။ ကျွန်တော်တို့ဘက်ခြမ်းကို ချောင်းရေ အဝင်နည်းသွားတာ ရှိပါတယ်။ ဒါကြောင့် နုန်းပြန်လည် ဆယ်ယူတဲ့လုပ်ငန်းကို ဆောင်ရွက်နေတာ ဖြစ်ပါတယ်

ဟု တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

မယ်ဆိုင်ဘက်မှ မြန်မာနှင့် ထိုင်း နှစ်နိုင်ငံပိုင်ဆိုင်သည့် ချောင်းရေကို စိုက်ပျိုးရေရယူထားသည့် ရေသွယ်မြောင်းများအား ဆန်ဆိုင်း(ခ)ပြည်သူ့စစ်ဂိတ်နှင့် မျက်နှာချင်းဆိုင်ဘက်တွင် ရေသွယ်မြောင်း (၂) မြောင်း၊ ဆန်ဆိုင်း(က)ရပ်ကွက် ဂရင်းဆိပ်အနီး မျက်နှာချင်းဆိုင်တွင် ရေသွယ်မြောင်း (၁) မြောင်း၊ ရန်အောင်မြေရပ်ကွက် ငှက်ပျောဆိပ်အနီး မျက်နှာချင်းဆိုင်တွင် ရေသွယ်မြောင်း (၁) မြောင်း စုစုပေါင်း ရေသွယ်မြောင်း (၄) မြောင်းကို မယ်ဆိုင်ဘက်မှ လယ်သမားများက တူးဖေါ်ထားကြခြင်းဖြစ်သည်။

ပြီးခဲ့သည့်နှစ်ကလည်း မယ်ဆိုင်လယ်သမားများက ယင်းကဲ့သို့ ရေသွယ်မြောင်းများ တူးဖေါ်ကာ ချောင်းရေရယူမှုကြောင့် မယ်ဆိုင်ချောင်းရေ ခမ်းခြောက်သွားခဲ့ရသဖြင့် မြန်မာဘက်ခြမ်း၌ ချောင်းတွင်း နုန်းဆယ်မှုကို စတင် ဆောင်ရွက်ခဲ့ရခြင်းဖြစ်သည်။

အခုအနေအထားက ခြောက်ကပ်သွားတဲ့အနေအထား မရှိသေးဘူး။ ချောင်းရေကတော့ တော်တော် လျော့နည်းသွားတာပေါ့။ နွေရာသီကာလရောက်တော့မှာဖြစ်တဲ့အတွက် ကြိုတင်ပြီးတော့ ချောင်းပြန်လည်ဆယ်ယူခြင်းလုပ်ငန်းကို ဆောင်ရွက်နေတာဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်မှုကို ဟိုဘက်နိုင်ငံကိုလည်း TBC ကနေတဆင့် အသိပေးတင်ပြထားပြီး ဖြစ်ပါတယ်

ဟု တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ထိုင်းနိုင်ငံ မယ်ဆိုင်နှင့် မြန်မာနိုင်ငံ တာချီလိတ်ကြားရှိ မယ်ဆိုင်ချောင်းမှ ချောင်းရေကို စိုက်ပျိုးရေသုံးစွဲရန်အတွက် မယ်ဆိုင် လယ်သမားများက ခွင့်ပြုချက်မရှိဘဲ ချောင်းအတွင်း ကွန်ကရစ်လောင်း၍ ရေတားတမံပြုလုပ်ခြင်း၊ ဝါးများဖြင့်တား၍ ဆည်ပြုလုပ်ခြင်းများ နှစ်စဉ်ပြုလုပ်သဖြင့် နှစ်နိုင်ငံတာဝန်ရှိသူများ နှစ်စဉ်ညှိနှိုင်းဆွေးနွေးခဲ့ကြရခြင်းဖြစ်သည်။

Tachileik News Agency
သတင်း - ဟန်စိုးထိုက်
ဓါတ်ပုံ - ကျော်ဇင်ဟိန်း

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~