တာချီလိတ်မြို့ရှိ COVID 19 အတည်ပြုလူနာစင်တာများတွင် ဖျားနာသူများရှိသော်လည်း နေ့စဉ် ကျန်းမာရေး စစ်ဆေးပေးနိုင်ခြင်း မရှိ 

တာချီလိတ်မြို့ရှိ COVID 19 အတည်ပြုလူနာစင်တာများတွင် ဖျားနာသူများရှိသော်လည်း နေ့စဉ် ကျန်းမာရေး စစ်ဆေးပေးနိုင်ခြင်း မရှိ 
ဇူလိုင် 23, 2021 | Covid-19| ရှမ်းရှေ့

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် COVID 19 ရောဂါလက္ခဏာ ပြင်းထန်သူများမှလွဲ၍ ကျန်စောင့်ကြည့်စင်တာများတွင် ယခင် Covid-19 ဒုတိယလှိုင်းကာလလို ပုံမှန်ကျန်းမာရေးစစ်ဆေးမှုများ လုပ်ပေးနိုင်ခြင်းမရှိတော့ဘဲ အဖျားတက်နေလည်း ဒီအတိုင်း နေ နေကြရကြောင်း နှင့် လူနာများကို စားသောက်စရိတ် ကိုယ်တိုင် ကျခံသည့်စနစ်ဖြင့် လုပ်ဆောင်နေကြောင်း သိရသည်။

အရင်တုန်းကတော့ လူနာတွေကို ထိတွေ့ရတဲ့အပိုင်းကို ကျန်းမာရေးဝန်ထမ်းတွေက လုပ်ပေးတယ်။ ပုံမှန် ကျန်းမာရေးစစ်တာမျိုးလုပ်တယ်။ အရင်ကဆို ကောင်းကောင်းလေး ကြည့်ပေးတာ သတင်းတွေမှာလည်း မြင်တွေ့ရသလို သူငယ်ချင်းတွေနားကလည်း ပြန်ကြားရတယ်။ အခု အရင်လို မဟုတ်ဘူး။ (၁၀) ရက်ဆိုပြန်ရပြီ။ ချောင်းဆိုးနေတုန်း၊ ဖျားနေတုန်းဆိုလည်း ပြန်ရတယ်။ ဘာဆေးမှလည်း သောက်စရာ မရှိဘူး။  ကျန်းမာရေးဝန်ထမ်းက သုံးလေးရက်နေမှ တစ်ခါလာတယ်။ ချမ်းတယ်၊ အစား မစားချင်ဘူးဖြစ်တယ်။ တစ်ခုခုနေလို့ မကောင်းဘူး ပြောရင်လည်း ဘာမှ မလုပ်ပေးဘူး။

ဟု နေမကောင်းသော်လည်း သတ်မှတ်ရက်စေ့၍ အိမ်ပြန်လာရသူ အမျိုးသမီးတစ်ဦးက  တာချီလိတ်သတင်းအေဂျင်စီသို့ ဇူလိုင်လ(၂၃)ရက်နေ့တွင် ပြောသည်။

ယခင်က တာချီလိတ်မြို့တွင် COVID 19 ကုသဆောင်များနှင့် သံသယလူနာများ ကန့်သတ်ထားသည့် quarantine center များတွင် အလှူရှင်များဖြင့် အစားအသောက်ကျွေးမွေးနိုင်ခဲ့သော်လည်း တတိယလှိုင်းတွင် ကျွေးမွေးနိုင်ခြင်းမရှိကြောင်း သိရသည်။

ဟိုတယ်၊ ကေတီဗီဝန်ထမ်းအများစုနဲ့ အလုပ်ဆိုဒ်တွေကတော့ သူတို့ဝန်ထမ်း သူတို့တာဝန်ယူတယ်။ ကျန်တာတွေကတော့ အရင်လို အလှူရှင် မပေါတော့ ကိုယ့်စားရိတ်နဲ့ကိုယ်ပဲ တာဝန်ယူရတယ်။ မိုးကုတ်ကတော့ အိမ်ကနေ တစ်နေ့ (၃) ကြိမ်ပို့လို့ရတယ်။ မပို့နိုင်ရင် အဲဒီမှာ ထမင်း (၃)နပ်နဲ့ရေသန့်အပါအဝင် တစ်နေ့စာကို ဘတ် (၁၀၀) ပေးလို့ရတယ်။ ကျန်တဲ့နေရာတွေလည်း အလှူရှင်ရှိရင် ရတယ်။ အလှူရှင်မရှိရင် အိမ်ကပို့ရတယ်

ဟု COVID 19 လူနာဆောင်တွင် ကူညီပေးနေသူ တစ်ဦးက ပြောသည်။

ယင်းအပြင် အတည်ပြုလူနာဆောင်များတွင် ကုတင်၊ အိပ်ယာများ ပြင်ဆင်ပေးနိုင်ခြင်းမရှိ၍ မိမိတို့နေအိမ်မှ ယူလာကြရန်လိုအပ်သည်ဟု သိရသည်။

သူတို့ လူကြီးတွေလာတုန်းက ပြတုန်းကတော့ ကုတင်တွေနဲ့ ခြင်ထောင်တွေနဲ့။ အခုက ကုတင်လည်းမရှိဘူး။ ပျဉ်ပြားနဲ့ ပေးအိပ်တယ်။ တစ်ချို့နေရာဆို သမံတလင်းအခင်းမှာ ပျဉ်ပြားမခင်းပေးဘူး။

ဟု အတည်ပြုလူနာတစ်ဦးက ဆိုသည်။

အလှူရှင်နည်းပြီး COVID 19 စင်တာများအတွက် ဘတ်ဂျက်လည်းမရှိသဖြင့် အတည်ပြုလူနာများအပြင်  ဗော်လံတီယာများအတွက် ကာကွယ်ရေးပစ္စည်းများပါ လိုအပ်ချက်များနေသည်ဟု သိရသည်။

အတည်ပြုလူနာ တိုက်ရိုက်ထိတွေ့ဆိုရင်လည်း ကိုယ်တိုင်ပဲ လုပ်နေရတော့ PPE level 2 လောက်တို့၊ spray တို့၊ လက်အိတ်တို့၊ အမှိုက်အိတ်တို့ တော်တော်လို နေတယ်။

ဟု COVID 19 လူနာဆောင်တွင် ကူညီတာဝန်ယူနေသူတစ်ဦးက ပြောသည်။

တာချီလိတ်တွင် ၂၀၂၁ ခုနှစ် ဇွန်လ(၂၈)ရက်နေ့က စတင်ကာ ဇူလိုင်လ (၂၁) ရက်နေ့အထိ COVID 19 အတည်ပြုလူနာ (၈၂၀) ကျော် တွေ့ထားပြီး ရောဂါလက္ခဏာပြင်းထန်သည့် အတည်ပြုလူနာများကို ခရိုင်ပြည်သူ့ဆေးရုံဟောင်းရှိ ကုသဆောင်တွင်ထားကာ ရောဂါလက္ခဏာမပြင်းထန်သည့် အတည်ပြုလူနာများအား မိုးကုတ်ဝိပဿနာတရားရိပ်သာ၊ မိုးလုံလေလုံအားကစားရုံ၊ ဝမ်လုံးအိမ်ရာတို့တွင် ဖွင့်လှစ်ထားသည့် အတည်ပြုလူနာဆောင်များအပြင် အတည်ပြုလူနာများတွေ့ရသည့်    1G1 Hotel၊ ရွှေဗူးသီးဟိုတယ်၊ လိုမာဟိုတယ်၊ ဟုန်ပန်းကွင်း၊ ရောင်နီဦး၊ ဆောက်လုပ်ရေးလုပ်ငန်းခွင် စသည်တို့တွင်လည်း ထားရှိခြင်းဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency