အပစ်ရပ်ကြေညာထားသည့် အာဏာသိမ်းစစ်တပ်က မြန်မာ - ထိုင်းနယ်စပ် KNU နယ်မြေအတွင်း လေကြောင်းဖြင့် တိုက်ခိုက်မှုကြောင့် ထိုင်းနယ်စပ်ဘက်က ဒေသခံများလည်း မြန်မာဘက်နည်းတူ စိုးရိမ်ထိတ်လန့်နေ 

အပစ်ရပ်ကြေညာထားသည့် အာဏာသိမ်းစစ်တပ်က မြန်မာ - ထိုင်းနယ်စပ် KNU နယ်မြေအတွင်း လေကြောင်းဖြင့် တိုက်ခိုက်မှုကြောင့် ထိုင်းနယ်စပ်ဘက်က ဒေသခံများလည်း မြန်မာဘက်နည်းတူ စိုးရိမ်ထိတ်လန့်နေ 
ဧပြီ 7, 2021 | နိုင်ငံရေး

မြန်မာ - ထိုင်းနယ်စပ် ကရင်ပြည်နယ်ဘက်တွင် KNU နှင့် အာဏာသိမ်းစစ်တပ်ကြား တိုက်ပွဲအပြင်းအထန် ဖြစ်ပွားနေသဖြင့် တစ်ဖက်ကမ်း ထိုင်းနိုင်ငံ၊ မဲ့စမ်လျက်ဒေသမှ ဒေသခံများပါ စိုးရိမ်ထိတ်လန့်နေရသည်ဟု ထိုင်းသတင်းဌာနများက ၂၀၂၁ ခုနှစ် ဧပြီလ (၇) ရက်နေ့၌ သတင်းဖေါ်ပြလာသည်။

အာဏာသိမ်းစစ်တပ်က (၁)လ အပစ်အခတ်ရပ်စဲကြောင်း ကြေညာထားသော်လည်း ဂတိချိုးဖောက်ကာ လေကြောင်းဖြင့် ပစ်ခတ်နေဆဲဖြစ်သည်။

မဲ့စမ်လျက်တစ်ဖက်ကမ်း နယ်စပ်ဒေသ KNU တပ်မဟာ (၅) နယ်မြေအတွင်း ဒေးပူနိုစခန်းကို ညပိုင်းက တိုက်ခိုက်မှုအတွင်း မြန်မာစစ်တပ်က လေယာဉ် (၂) စီးအသုံးပြု၍ (၁၀) ကြိမ်ထက်မနည်း တိုက်ခိုက်သည်ဟု ထိုင်းလုံခြုံရေးတပ်ဖွဲ့က သတင်းရရှိသည်ဟု ဖေါ်ပြထားသည်။ 

ယင်းအပြင် သံလွင်မြစ်တလျှောက် နယ်စပ်ရှိ KNU စခန်းများကိုလည်း တိုက်ခိုက်သည်ဟု သိရသည်။

ထိုင်းနိုင်ငံဘက်ခြမ်း မဲ့စမ်လျက်မှ ဒေသခံများ၏ ပြောပြချက်အရ ညပိုင်းက အမြောက်ပစ်ခတ်သံ၊ သေနတ်ပစ်ခတ်သံများ ခေတ္တရပ်သွားပြီးနောက် ပေါက်ကွဲသံများ ရုတ်တရက်ပြန်ကြားလာရသည်ဟု သိရသည်။ နယ်စပ်ဒေသ မြန်မာဘက်မှ တိုက်ပွဲများကြောင့် ထိုင်းနိုင်ငံ မဲ့စမ်လျက်ဒေသလုံခြုံရေးကို တိုးမြှင့်ထားသည်ဟု သိရသည်။

မဲ့စမ်လျက်ဒေသတစ်ဖက်ကမ်းရှိ KNU တပ်မဟာ ၅ နယ်မြေအတွင်း မြန်မာအာဏာသိမ်းစစ်တပ်က လေကြောင်းမှ တိုက်ခိုက်မှုကို မတ်လ (၂၇) ရက်နေ့ကတည်းက စတင်နေခြင်းဖြစ်ပြီး တစ်ဖက်နိုင်ငံသို့ စစ်ဘေးရှောင်သည့် ပြည်သူများကို ထိုင်းဘက်က ပြန်လည်နှင်ထုတ်သဖြင့် လက်ရှိအချိန်ထိ နယ်စပ်တောထဲတွင် ခိုလှုံနေကြရဆဲဖြစ်သည်။

အဆိုပါ စစ်ဘေးရှောင်များအတွက် ပြည်တွင်းလမ်းကြောင်းမှ ရိက္ခာပို့ရန်အခက်အခဲရှိ၍ မဲ့စမ်လျက်ဒေသဘက်မှဖြတ်၍ ပို့ဆောင်ရန်ကြိုးစားနေခြင်းကို ပထမအသုတ်သာ ဖြတ်သန်းခွင့်ပေးထားပြီး နောက်ထပ် ပို့ဆောင်နိုင်ရေး ထိုင်းတာဝန်ရှိသူများထံ ညှိနှိုင်းနေကြရဆဲဖြစ်သည်။ မဲ့စမ်လျက်ဒေသတစ်ဖက်ကမ်းရှိ KNU တပ်မဟာ ၅ နယ်မြေအတွင်းရှိ အာဏာသိမ်းစစ်တပ်၏ တပ်စခန်းတစ်ခုအတွက် ထိုင်းနိုင်ငံဘက်မှ ရိက္ခာထောက်ပံ့ရန်ကြိုးပမ်းခဲ့မှုမှာလည်း ထိုင်းဒေသခံများက ကန့်ကွက်မှုနှင့် ကြုံခဲ့ရသဖြင့် ရိက္ခာများ ပြန်သယ်သွားခဲ့ရခြင်းဖြစ်သည်။

Source & Photo: aecaseannews