ဖမ်းဆီးထိန်းသိမ်းခံရသူများကို အမြန်ဆုံးပြန်လွှတ်ပေးရန် ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားပြုကော်မတီ တောင်းဆို

ဖမ်းဆီးထိန်းသိမ်းခံရသူများကို အမြန်ဆုံးပြန်လွှတ်ပေးရန် ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားပြုကော်မတီ တောင်းဆို
ဖေဖော်ဝါရီ 20, 2021 | နိုင်ငံရေး| ရှမ်းတောင်

ရှမ်းပြည်နယ်အတွင်း ဖမ်းဆီးထိန်းသိမ်းခံရသူများကို အမြန်ဆုံးပြန်လွှတ်ပေးရန် ရှမ်းပြည်နယ်လွှတ်တော်ကိုယ်စားပြုကော်မတီက ဖေဖော်ဝါရီလ(၂၀)ရက်နေ့တွင် တောင်းဆိုလိုက်သည်။

ရှမ်းပြည်နယ်အတွင်း၌ ယင်းကဲ့သို့ ဖမ်းဆီးခံရသူမှာ စာရင်းအရ (၈၀)ကျော်ရှိနေရာတွင် စာရင်းတွင် မပါသေးသူများလည်းရှိနေသည့်အတွက် လက်ရှိတွင် ဖမ်းဆီးခံရသူ (၁၀၀)ကျော်အထိ ရှိနေနိုင်ကြောင်း သိရသည်။

အာဏာသိမ်းစစ်ကောင်စီက ဖေဖော်ဝါရီလ(၁)ရက်နေ့က စ၍ နိုင်ငံအတွင်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ အနိုင်ရကိုယ်စားလှယ်များ၊ ဝန်ကြီးများ အပါအဝင် စစ်အာဏာရှင်ဆန့်ကျင်ရေးအဖြစ် ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်သည့် ပြည်သူများကို ဖမ်းဆီးခြင်း၊ မတရားသဖြင့် ဖမ်းဝရမ်းထုတ်ခြင်းများကို ဖေဖော်ဝါရီလ(၂၀)ရက်နေ့အထိ လုပ်ဆောင်နေလျက်ရှိသည်။