မိုင်းဆတ်မြို့နယ်အတွင်း ပိန်းခမ်းကျေးရွာ စိမ့်စမ်းရေသွယ်ခြင်းလုပ်ငန်းကို လုပ်ကိုင်ခွင့်ရကုမ္ပဏီ (၂) ခုက ကျေးရွာအရောက် ရေသွယ်ရေးအတွက် ရေပိုက်များကို လှူဒါန်းပေးမည် 

မိုင်းဆတ်မြို့နယ်အတွင်း ပိန်းခမ်းကျေးရွာ စိမ့်စမ်းရေသွယ်ခြင်းလုပ်ငန်းကို လုပ်ကိုင်ခွင့်ရကုမ္ပဏီ (၂) ခုက ကျေးရွာအရောက် ရေသွယ်ရေးအတွက် ရေပိုက်များကို လှူဒါန်းပေးမည် 
မတ် 28, 2021 | ရှမ်းရှေ့

မိုင်းဆတ်မြို့နယ်အတွင်း ပိန်းခမ်းကျေးရွာ စိမ့်စမ်းရေသွယ်ခြင်းလုပ်ငန်းကို လုပ်ကိုင်ခွင့်ရကုမ္ပဏီ (၂) ခုက ကျေးရွာအရောက် ရေသွယ်ရေးအတွက် ရေပိုက်များကို လှူဒါန်းပေးမည် 

ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းဆတ်မြို့နယ် မိုင်းယွန်းကျေးရွာအုပ်စု၊ ပိန်းခမ်းကျေးရွာတွင် စိမ့်စမ်းရေသွယ်ယူခြင်းလုပ်ငန်းကို လုပ်ကိုင်ခွင့်ရထားသည့် ပိန်းခမ်းရွှေပန်းပွင့်ကုမွဏီနှင့် ကောင်းသူခေတ်ကုမ္ပဏီတို့က ဂါလံ (၅,၀၀၀)ဆံ့ ရေလှောင်ကန်လုပ်ထားပေးပြီးကြောင်းနှင့် ကျန်ရှိသည့် ကျေးရွာအထိ ရေသွယ်ရေးအတွက် လိုအပ်သောပိုက်များကို ကုမ္ပဏီက လှူဒါန်းပေးမည်ဟု ၂၀၂၁ ခုနှစ် မတ်လ (၂၇) ရက်နေ့တွင် သတင်းထုတ်ပြန်လာသည်။

အဆိုပါ စိမ့်စမ်းရေသွယ်ယူခြင်းလုပ်ငန်းကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနလက်အောက်ရှိ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ခွင့်ပြုငွေ ကျပ် (၄၃.၉၄၆) သန်းဖြင့် ပိန်းခမ်းရွှေပန်းပွင့်ကုမွဏီနှင့် ကောင်းသူခေတ်ကုမ္ပဏီတို့အား လုပ်ကိုင်ခွင့်ပေးထားခြင်းဖြစ်ပြီး ကျေးရွာလူထုက ကုမ္ပဏီမှပေးသည့် ငွေကျပ် (၄၃) သိန်းဖြင့်  ရေလှောင်ကန်အရောက် ရေသွယ်ယူခြင်းအား လုပ်အား၊ လိုအပ်သည့်ပိုက်လိုင်းများ ထည့်ဝင်၍ ကိုယ်ထူကိုယ်ထစနစ်ဖြင့် ဆောင်ရွက်ခဲ့ပြီးနောက် ရေလှောင်ကန်မှ ကျေးရွာအရောက် ရေပိုက်လိုင်းသွယ်တန်းနိုင်ခြင်းမရှိသေးကြောင်းကို သတင်းဌာနသို့ ပြောကြားခဲ့ပြီးနောက် အဆိုပါကုမ္ပဏီများက ကျေးရွာအရောက် ရေသွယ်ခြင်းလုပ်ငန်းအား ဆောင်ရွက်ပေးမည်ဟု ကျေးရွာလူထုနှင့် မတ်လ (၂၅) ရက်နေ့က တွေ့ဆုံပြီး ကုမ္ပဏီများဘက်က ပြောကြားခဲ့သည်ဟု သိရသည်။



 

ကျေးရွာစိမ့်စမ်းရေသွယ်ခြင်းလုပ်ငန်းအား  နတလမှ လုပ်ဆောင်ပေးသည့်စီမံကိန်းဟု ကျေးရွာဒေသခံများက ဌာနအမည် အမှတ်မှား၍ ပြောကြားခဲ့ကြခြင်းဖြစ်ပြီး အဆိုပါ စီမံကိန်းမှာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ခွင့်ပြုငွေကျပ် (၄၃) သန်းကျော်ဖြင့် ကုမ္ပဏီနှစ်ခုအား လုပ်ကိုင်ခွင့်ပေးထားခြင်းဖြစ်ကြောင်း ရေလှောင်ကန်တွင် ရေသွယ်ယူပြီးသည့်နေ့က ဆိုင်းဘုတ်လာထောင်ထားသည်ဟု ဒေသခံများက ဆိုသည်။

ရေလှောင်ကန်အရောက် ရေသွယ်ယူခြင်းကို ကျေးရွာသားများက (၁၀) ရက်ကြာ လုပ်အား၊ ရေပိုက်များ စိုက်ထုတ်၍ ဆောင်ရွက်ခဲ့ကြပြီး ရေလှောင်ကန် တည်ဆောက်ခြင်းနှင့် ရေလှောင်ကန်မှ ကျေးရွာအရောက် ရေသွယ်ခြင်းကို လုပ်ကိုင်ခွင့်ရ ကုမ္ပဏီနှစ်ခုက ဆောင်ရွက်ပေးမည်ဟု သိရသည်။