ကလေးများအတွက် စိုးရိမ်ရ၍ ဆုံဆို့ရောဂါကာကွယ်ဆေးကို တာချီလိတ်တွင် နေရာ (၄)နေရာ၌ အခမဲ့ ထိုးပေးနေ

ကလေးများအတွက် စိုးရိမ်ရ၍ ဆုံဆို့ရောဂါကာကွယ်ဆေးကို တာချီလိတ်တွင် နေရာ (၄)နေရာ၌ အခမဲ့ ထိုးပေးနေ
သြဂုတ် 3, 2020
By Tachileik News Agency
ကလေးများအတွက် စိုးရိမ်ရ၍ ဆုံဆို့ရောဂါကာကွယ်ဆေးကို  တာချီလိတ်တွင်  နေရာ (၄)နေရာ၌  အခမဲ့ ထိုးပေးနေ

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ဆုံဆို့သံသယဖြင့် ကလေး (၂) ဦးသေဆုံးခဲ့ရသဖြင့် မွေးစမှ အသက် (၁၅) နှစ်အရွယ် ကလေးများကို ဆုံဆို့ကာကွယ်ဆေးထိုးနှံပေးခြင်းအား ၂၀၂၀ ခုနှစ်၊ သြဂုတ်လ (၃) ရက်နေ့မှစ၍ နေရာ (၄) နေရာ၌ ထိုးနှံပေးနေသည်။

“ အခုမှန်းထားတာက (၃) ရက်နေ့နဲ့ (၄) ရက်နေ့ပါ။ ဒါပေမဲ့ COVID 19 ကာကွယ်ရေးအတွက် လူစုလူဝေးမဖြစ်စေဖို့လည်း လိုအပ်တာမို့ မနက်ကို (၈)နာရီကနေ ညနေကတော့ ကာကွယ်ဆေးထိုးဖို့ ကျန်တဲ့သူကုန်တဲ့အထိ ထိုးပေးနေမှာပါ။ အကယ်၍ (၂) ရက်နဲ့ မလုံလောက်ဘူးဆိုရင်လည်း ရက်ထပ်တိုးပေးမှာပါ” ဟု တာချီလိတ်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူး အဆင့်(၁) ဦးဇော်လင်းဦးက တာချီလိတ်သတင်းအေဂျင်စီသို့  ပြောသည်။

ဆုံဆို့ရောဂါကာကွယ်ဆေးကို တာချီလိတ် ရွှေတိဂုံစေတီရှိ ဓမ္မာရုံ၊ ဝမ်ကောင်းရပ်ကွက်အုပ်ချုပ်ရေးရုံး၊ မိုင်းကိုးကျေးရွာအုပ်စု ရန်ကုန်ရွာ ဘုရားကျောင်းနှင့် ဝမ်ကောင်း (၂)ကျေးရွာ ဓမ္မာရုံတို့တွင် သြဂုတ်လ (၃)ရက်နေ့နှင့် သြဂုတ်လ (၄) ရက်နေ့များ၌ နံနက် (၈)နာရီမှစ၍ ထိုးနှံပေးနေကြောင်း သိရသည်။

တာချီလိတ်မြို့တွင် ဇူလိုင်လ (၂၇)ရက်နေ့က ဝမ်ကောင်းရပ်ကွက်မှ အသက် (၁၁) နှစ်အရွယ် ကလေး (၁) ဦး၊ ဇူလိုင်လ (၂၉) ရက်နေ့က မိုင်းကိုးကျေးရွာ ဝမ်ကောင်း (၂)ရပ်ကွက်မှ အသက် (၉) နှစ်အရွယ် ကလေး (၁) ဦးနှင့် ဇူလိုင်လ (၃၁)ရက်နေ့တွင် ယာမြေရပ်ကွက်မှ အသက် (၇) နှစ်အရွယ် ကလေး (၁) ဦးတို့ကို  ဆုံဆို့ရောဂါ သံသယဖြင့် ကျိုင်းတုံပြည်သူ့ဆေးရုံသို့ လွှဲပြောင်း ကုသပေးပြီး ဓာတ်ခွဲနမူနာများ ရယူပို့ဆောင်ထားခြင်းဖြစ်သည်။

အဆိုပါ ကလေးလူနာ (၃) ဦးအနက် ဝမ်ကောင်းရပ်ကွက်မှ အသက် (၁၁) နှစ်ကလေးနှင့် ယာမြေမှ အသက် (၇) နှစ် ကလေးတို့မှာ ဇူလိုင်လ (၃၁) ရက်နေ့က သေဆုံးသွားခဲ့ရခြင်းဖြစ်ပြီး မိုင်းကိုးကျေးရွာမှ ကလေး (၁) ဦးမှာ သီးသန့်ကြပ်မတ်ကုသခန်းတွင် ကုသမှုခံယူနေဆဲဖြစ်ကြောင်း သိရသည်။

ဆုံဆို့သံသယလူနာ ကလေး (၃)ဦး၏ ဓာတ်ခွဲအဖြေများမှာ သြဂုတ်လ (၃)ရက်နေ့အထိ စောင့်ဆိုင်းနေဆဲဖြစ်ကြောင်း သိရသည်။

ဆုံဆို့ရောဂါမှာ အသက်အရွယ်မရွေးတွင် ဖြစ်ပွားနိုင်သော်လည်း ကလေးငယ်များတွင် အဖြစ်များပြီး ရောဂါဖြစ်ပွားပါက (၃) ဦးလျှင် (၁) ဦးနှုန်း သေဆုံးတတ်သည့် ကုသရခက်သော ရောဂါဖြစ်၍ ဖျားနာခြင်း၊ လည်ပင်းနာခြင်းများ ဖြစ်ပွားပါက ဆေးရုံ၊ဆေးခန်း အမြန်ဆုံးပြသသင့်ကြောင်း သိရသည်။

ဆုံဆို့ရောဂါပိုးရှိသူ နှာချေ၊ ချောင်းဆိုးရာမှ လွင့်စင်သည့် အမှုန်များမှတစ်ဆင့် အရာဝတ္ထုများတွင် ရောဂါပိုးကပ်ညိနေသည်ကို လက်မဆေးဘဲ ထိတွေ့မိရာမှ အသက်ရှုလမ်းကြောင်းအတွင်း ဝင်ရောက်ခြင်းဖြင့်လည်းကောင်း၊ နှာချေချောင်းဆိုးစဉ် အနီးဝန်းကျင်တွင် ရှိနေသူများ အသက်ရှုလမ်းကြောင်းအတွင်း ဝင်ရောက်ခြင်းဖြင့်လည်းကောင်း ကူးစက်ခံရနိုင်ကြောင်း သိရသည်။

Tachileik News Agency
သတင်း - ချယ်ရီထိုက်
ဓါတ်ပုံ - ကျော်ဇင်ဟိန်း


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~