တာချီလိတ်မြို့တွင် ရဲသတင်းပေး ဒလန်ဟုဆိုသည့် အမျိုးသမီးအား ရိုက်နှက်မှုဖြင့် (၅)ဦးကို ပုဒ်မ ၅၀၅(က)ဖြင့် အမှုဖွင့်ပြီး (၂)ဦးကို ဖမ်းဆီးထား

တာချီလိတ်မြို့တွင် ရဲသတင်းပေး ဒလန်ဟုဆိုသည့် အမျိုးသမီးအား ရိုက်နှက်မှုဖြင့် (၅)ဦးကို ပုဒ်မ ၅၀၅(က)ဖြင့် အမှုဖွင့်ပြီး (၂)ဦးကို ဖမ်းဆီးထား
မတ် 22, 2021 | ရှမ်းရှေ့

တာချီလိတ်မြို့တွင်  မတ်လ(၁၉)ရက်နေ့က လူငယ်(၆)ဦး ဖမ်းခံရမှုနှင့် ပတ်သက်၍ ရဲတပ်ဖွဲ့အား သတင်းပေး ဒလန်ဟု ဆိုသည့် အမျိုးသမီးကို   ဘေးပတ်ဝန်းကျင်မှ ရိုက်နှက်သည့် ကိစ္စနှင့် ပတ်သက်၍ (၅)ဦးကို ပုဒ်မ ၅၀၅(က)ဖြင့် ယနေ့ မတ်လ(၂၂)ရက်နေ့တွင် အမှုဖွင့်လိုက်ပြီး (၂)ဦးကို ဖမ်းဆီးထားကြောင်း သိရသည်။

သတင်းပေး ဒလန်ဟု ဆိုသည့် ဒေါ်သင်းသင်းခိုင်အား ရိုက်နှက်သည်ဟုဆိုကာ ဦးဝင်းမြင့်၊ ဒေါ်ခင်ငြိမ်း နှင့် ဒေါ်ခင်အုန်းမြင့် အပါအဝင်  နောက်ထပ်အမျိုးသမီး (၂)ဦး   စုစုပေါင်း (၅)ဦးကို  ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က)ဖြင့် အမှုဖွင့်လိုက်ပြီး လက်ရှိတွင် ဦးဝင်းမြင့် နှင့် ဒေါ်ခင်ငြိမ်းတို့ (၂)ဦးအား တာချီလိတ်မြို့မရဲစခန်းတွင် ဖမ်းဆီးထားကြောင်း သိရသည်။

ရိုက်နှက်သူဟု ဆိုသူများကို  မတ်လ(၂၁)ရက်နေ့ ညနေပိုင်းက နေအိမ်လိုင်းခန်းသို့ သွားရောက်ကာ လိုက်လံရှာဖွေ ဖမ်းဆီးပြီး ရှာဖွေမတွေ့၍ ရိုက်နှက်သူ အမျိုးသမီးတစ်ဦး၏ သမီးဖြစ်သူ အသက်(၁၃/၁၄)နှစ်အရွယ် စိတ်ဝေဒနာသည် မိန်းကလေးအား ရဲစခန်းသို့ ခေါ်ဆောင်သွားပြီးနောက် မတ်လ(၂၂)ရက်နေ့ နံနက်ပိုင်းမှ နေအိမ်သို့ ပြန်လွှတ်ပေးလိုက်ကြောင်း သိရသည်။

လက်ရှိ ဖမ်းဆီးခံထားရသူ (၂)ဦးသည် ရဲစခန်းသို့ ခေါ်ယူ တွေ့ဆုံပြီးမှ ဖမ်းဆီးထားလိုက်ခြင်း ဖြစ်ကြောင်း နှင့် လွတ်မြောက်နေသည့် အမျိုးသမီး (၃)ဦးကိုလည်း ဖမ်းဆီးရမိရေးအတွက် ရှာဖွေစုံစမ်းမှုများ လုပ်ဆောင်နေကြောင်း သိရသည်။

မတ်လ(၁၉)ရက်နေ့က  အောင်နိုင်ဦး(ခ)အောင်နိုင်၊ စိုင်းမဟာကျော်စွာ၊ ငြိမ်းချမ်း၊ စိုင်းထွန်းအောင်၊ ပိန်သေး(ခ)ဇာနည်ကိုကိုနှင့် သီဟဖြိုးတို့ ဖမ်းဆီးခံရခြင်းမှာ ရပ်ကွက်အတွင်း အသုပ်လှည့်လည်ရောင်းချသည့် အမျိုးသမီးတစ်ဦးဖြစ်သူ ဒေါ်သင်းသင်းခိုင်၏ သတင်းပေးမှုကြောင့်ဟု သိရသည့်အတွက် အနီးဝန်းကျင်နေသူအချို့မှ ရိုက်နှက်သည်အထိ ဖြစ်ပွားခဲ့သော်လည်း ရိုက်နှက်ခံရသူမှာ အသက်အန္တရာယ်မစိုးရိမ်ရကြောင်း သိရသည်။ 

ဖမ်းဆီးခံရသည့် လူငယ်(၆)ဦးကို တာချီလိတ်မြို့မရဲစခန်းတွင် (ပ) ၅၇/ ၂၀၂၁၊ ရှမ်းလက်နက်အမိန့်အပိုဒ် ၁၂(က) အပြင် ပုဒ်မ ၅၀၅(က) အပါအဝင် ပုဒ်မ(၂)ခုဖြင့် အမှုဖွင့်ထားပြီး ကျိုင်းတုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။

 

ဆက်စပ်သတင်း

တာချီလိတ်မြို့၌ လူငယ်(၆)ဦး ဖမ်းခံရမှုတွင် သတင်းပေး ဒလန်ဟုဆိုသည့် အမျိုးသမီးအား ဝိုင်းရိုက်သည့် အမျိုးသမီးများကို လာရောက်ဖမ်းဆီးရာ မတွေ့၍ စိတ်ဝေဒနာသည် သမီးဖြစ်သူကို ရဲစခန်းသို့ ခေါ်ဆောင်သွား

တာချီလိတ်မြို့တွင် ဖမ်းဆီးခံရသည့် လူငယ်(၆)ဦးကို ၅၀၅(က)အပါအဝင် လက်နက်မှုဖြင့်ပါ ပုဒ်မ(၂)ခုဖြင့် အမှုဖွင့်

တာချီလိတ်မြို့တွင် လူငယ်(၆)ဦးကို ဖမ်းဆီးပြီး စစ်တပ်သို့ ခေါ်ဆောင် စစ်ဆေးနေ