တာချီလိတ်မြို့တွင် ဖမ်းဆီးခံရသည့် လူငယ်(၆)ဦးကို ၅၀၅(က)အပါအဝင် လက်နက်မှုဖြင့်ပါ ပုဒ်မ(၂)ခုဖြင့် အမှုဖွင့်

တာချီလိတ်မြို့တွင် ဖမ်းဆီးခံရသည့် လူငယ်(၆)ဦးကို ၅၀၅(က)အပါအဝင် လက်နက်မှုဖြင့်ပါ ပုဒ်မ(၂)ခုဖြင့် အမှုဖွင့်
မတ် 22, 2021 | ရှမ်းရှေ့

တာချီလိတ်မြို့တွင် မတ်လ(၁၉)ရက်နေ့က ဖမ်းဆီးခံရသည့် လူငယ်(၆)ဦးကို လက်နက်မှု အပါအဝင် ပုဒ်မ ၅၀၅(က)ဖြင့် အမှုဖွင့်ထားပြီး နောက်ဆက်တွဲများ ဖမ်းဆီးရမိရေးအတွက် (၆)ဦးထဲက (၂)ဦးကို အဓိကထား၍ စစ်ဆေးမှုများ လုပ်ဆောင်နေလျက်ရှိကြောင်း သိရသည်။

ဖမ်းခံရသည့် အောင်နိုင်ဦး(ခ)အောင်နိုင်၊ စိုင်းမဟာကျော်စွာ၊ ငြိမ်းချမ်း၊ စိုင်းထွန်းအောင်၊ ပိန်သေး(ခ)ဇာနည်ကိုကိုနှင့် သီဟဖြိုးတို့ အနက် အောင်နိုင်ဦး(ခ)အောင်နိုင်နှင့် စိုင်းမဟာကျော်စွာတို့ကို အဓိက စစ်ဆေးမှုများ ပြုလုပ်နေပြီး စစ်ဆေးပေါ်ပေါက်သူများကို ဖမ်းဆီးရမိရေးအတွက် စုံစမ်းမှုများ လုပ်ဆောင်နေကြောင်း သိရသည်။

ဖမ်းဆီးခံရသည့် လူငယ် (၆)ဦးထဲတွင် သီဟဖြိုးဆိုသူမှာ အသက် ၁၆ နှစ် (၂၅.၁၁.၂၀၀၄)သာရှိသေးပြီး  စိုင်းထွန်းအောင်သည် အသက် ၁၅နှစ်(၁၇.၆.၂၀၀၅)သာရှိသေးကြောင်း နှင့် ကျန်တစ်ဦးမှာလည်း အသက်(၁၈)နှစ် မပြည့်သေးကြောင်း သိရသည်။

၎င်းတို့အား ဖမ်းဆီးရမိချိန်တွင်  ဒိုင်းကာပစ္စည်းများ နှင့် အကာအကွယ်ပစ္စည်းများ အပါအဝင် ဒေသလုပ်လက်ပစ်ဗုံးအကြီး/ အသေးများပါ ဖမ်းဆီးရမိသည်ဟု ဆိုကာ တာချီလိတ်မြို့မရဲစခန်းတွင် (ပ) ၅၇/ ၂၀၂၁၊ ရှမ်းလက်နက်အမိန့်အပိုဒ် ၁၂(က) အပြင် ပုဒ်မ ၅၀၅(က) အပါအဝင် ပုဒ်မ(၂)ခုဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

လက်ရှိတွင် ၎င်းတို့အား ကျိုင်းတုံသို့ ပို့ဆောင်ထားပြီး ဆက်လက်၍ စစ်ဆေးမှုများလုပ်ဆောင်နေလျက်ရှိကြောင်း နှင့် မိသားစုနှင့်လည်း အဆက်အသွယ်ပေးမလုပ်သေးကြောင်း သိရသည်။