တာချီလိတ်မြို့တွင် လူငယ်(၆)ဦးကို ဖမ်းဆီးပြီး စစ်တပ်သို့ ခေါ်ဆောင် စစ်ဆေးနေ

တာချီလိတ်မြို့တွင် လူငယ်(၆)ဦးကို ဖမ်းဆီးပြီး စစ်တပ်သို့ ခေါ်ဆောင် စစ်ဆေးနေ
မတ် 19, 2021 | ရှမ်းရှေ့

တာချီလိတ်မြို့တွင် ယနေ့ မတ်လ(၁၉)ရက်နေ့ နံနက်ပိုင်းက စစ်တပ်နှင့်ရဲတပ်ဖွဲ့မှ ဆန္ဒပြအဖွဲ့ခေါင်းဆောင်ဟု ဆိုကာ တာချီလိတ်မြို့ ဝမ်ကောင်းရပ်ကွက်အတွင်း မြို့မသုသာန်အနီးရှိ နေအိမ်တွင် ဝင်ရောက်စီးနင်းပြီး လူငယ်(၆)ဦးကို ဖမ်းဆီးသွားသည်။

ဖမ်းဆီးခံရသည့် လူငယ်(၆)ဦးမှာ အောင်နိုင်ဦး(ခ)အောင်နိုင်၊ စိုင်းမဟာကျော်စွာ၊ ငြိမ်းချမ်း၊ စိုင်းထွန်းအောင်၊ ပိန်သေး(ခ)ဇာနည်ကိုကိုနှင့် သီဟဖြိုးဖြစ်ပြီး အားလုံးမှာ အသက်(၁၆)နှစ်အရွယ်မှ (၂၄)နှစ်အရွယ်များသာဖြစ်ကြောင်း သိရသည်။

၎င်းတို့အား ဖမ်းဆီးစဉ် ဆန္ဒပြပွဲများတွင် စစ်တပ်နှင့်ရဲတို့၏ အကြမ်းဖက်ဖြိုခွင်းမှုများကို ကာကွယ်ရာတွင် အသုံးပြုသည့်  ဒိုင်း၊ လေးခွနှင့် တန်ပြန်ကာကွယ်ရေးပစ္စည်းများကိုပါ တွေ့ရှိ သိမ်းဆည်းရမိသွားကြောင်းလည်း သိရသည်။

လူငယ်(၆)ဦးအား တာချီလိတ်မြို့မရဲစခန်းသို့ ခေါ်ဆောင်သွားပြီးနောက် စစ်ဗျူဟာသို့ ဆက်လက်ခေါ်ဆောင်သွားကာ စစ်ဆေးမှုများ လုပ်ဆောင်နေလျက်ရှိကြောင်း သိရသည်။

ကျန်ရှိနေသူများကိုပါ ဖမ်းဆီးနိုင်ရေးအတွက် စစ်ဆေးနေကြောင်းနှင့် စစ်ဆေးချက်များအရ အချို့နေအိမ်များကိုလည်း ယနေ့ ညနေပိုင်းအထိ လိုက်လံစစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း သိရသည်။

လက်ရှိတွင် ၎င်းတို့ (၆)ဦးနှင့် မိသားစုဝင်များက ဆက်သွယ်၍ မရသေးကြောင်း သိရသည်။

နောက်ဆက်တွဲ သတင်းအရ ဖမ်းထားသည့် လူငယ်(၆)ဦးကို ကျိုင်းတုံသို့ ပို့လိုက်သည်ဟုလည်း ကြားသိရသည်။