ကယားပြည်နယ်မှ စစ်အာဏာရှင်ဆန့်ကျင်ရေး မိုင်းလုံးသပိတ်စစ်ကြောင်းအား ကျည်အစစ်ဖြင့်ပါ ပစ်ခတ်ဖြိုခွင်းခံရပြီး နှစ်ဦး ကျည်ထိမှန်

ကယားပြည်နယ်မှ စစ်အာဏာရှင်ဆန့်ကျင်ရေး မိုင်းလုံးသပိတ်စစ်ကြောင်းအား ကျည်အစစ်ဖြင့်ပါ ပစ်ခတ်ဖြိုခွင်းခံရပြီး နှစ်ဦး ကျည်ထိမှန်
မတ် 19, 2021 | ကယား

ကယားပြည်နယ်၊  လွိုင်ကော်မြို့ မိုင်းလုံးရပ်ကွက်မှ စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်စစ်ကြောင်းအား ၂၀၂၁ ခုနှစ် မတ်လ (၁၉)ရက်နေ့ နေ့လယ် (၁၁) နာရီ​ကျော်ဝန်းကျင်က အာဏာသိမ်းအဖွဲ့၏ စစ်တပ်နှင့်ရဲက ပစ်ခတ်ဖြိုခွင်းရာတွင် ကျည်အစစ်ပါ အသုံးပြုခဲ့ပြီး သားဖွားဆရာမတစ်ဦးနှင့် အမျိုးသားတစ်ဦးတို့ကို ကျည်ထိမှန်သွားသည်။

" သေနတ် အစစ်တွေနဲ့ပါ လမ်းပေါ်ကနေ သုံးယောက်လောက်က ပယ်ပယ်နယ်နယ်ကို ထိုင်ပစ်နေတာ။ ကျွန်တော်တို့လည်း ပြေးနေရတာမို့ သေနတ်သံတွေကတော့ ဆူညံနေတာပဲ။ အခုထိ နားတွေ အူနေတုန်းပဲ။ ပေါင်ကိုတော့ တစ်ယောက်ထိသွားတယ်။ ဆီးခုံတစ်ယောက်ထိသွားတယ် " ဟု သပိတ်တွင်ပါဝင်သူ လူငယ်တစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။ 

မိုင်းလုံးရပ်ကွက် သပိတ်ဖြိုခွဲစဥ် ရာဘာကျည်၊ မျက်ရည်ယိုဗုံးအပြင် ကျည်အစစ်များဖြင့်ပါ ဆက်တိုက် ပစ်ခတ်ခဲ့ပြီး ကျည်အစစ်ဖြင့် သားဖွားဆရာမ တစ်ဦး၏ ပေါင်အား ထိမှန်ခဲ့ပြီး အမျိုးသားတစ်ဦးမှာလည်း ဆီးခုံတွင် ကျည်ထိမှန်သွားကြောင်းသိရပြီး အခြား ဒဏ်ရာ ရရှိသူများစာရင်းကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရသည်။