လွိုင်ကော်မြို့တွင် ဗုံးပေါက်ကွဲသံများနှင့် လက်နက်ကြီးပစ်ခတ်သံများ ကြားနေရ 

လွိုင်ကော်မြို့တွင် ဗုံးပေါက်ကွဲသံများနှင့် လက်နက်ကြီးပစ်ခတ်သံများ ကြားနေရ 
သြဂုတ် 3, 2021 | ကယား

ကယား(ကရင်နီ)ပြည်နယ် ၊ လွိုင်ကော်မြို့တွင်း ယနေ့ ၂၀၂၁ ခုနှစ်၊ သြဂုတ်လ (၃) ရက်နေ့ ညပိုင်းတွင် ဗုံးပေါက်ကွဲသံများနှင့်အတူ လက်နက်ကြီး ပစ်ခတ်သံများပါ ကြားနေရကြောင်း သိရသည်။ 

အရင်ဆုံး ဗုံးကွဲသံမျိုးကြားရတယ်။ မေးမြန်းကြည့်တော့ ဈေးပိုင်းရပ်ကွက်က စည်ပင်ရုံးမှာ ဗုံးကွဲတာလို့သိရတယ်။ ညစောင့် ဝန်ထမ်းတစ်ယောက်တော့ ထိခိုက်ဒဏ်ရာ အနည်းငယ် ရထားတယ်လို့ သိရတယ်။ ပြီးတော့ဒီ (၅၄)တပ်ဖက်က လက်နက်ကြီးပစ်ခတ်သံ လေးချက်လောက်ထပ်ကြားရတယ်။ အခုညပိုင်းဆိုတော့ အပြင်ထွက်တဲ့သူ သိပ်မရှိဘူး သေချာတော့ မသိရဘူးပေါ့။

ဟု လွိုင်ကော်မြို့ ဒေသခံ တစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

လွိုင်ကော်မြို့ တွင် ယနေ့ညပိုင်း (၇) နာရီ (၄၅)မိနစ် အချိန်ခန့်မှစ၍ ဗုံးပေါက်ကွဲ သံများကြားခဲ့ရပြီး လွိုင်ကော်မြို့ ဈေးပိုင်းရပ်ကွက်ရှိ စည်ပင်သာယာရေးရုံးတွင် ဗုံးပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများထံမှသိရပြီး တစ်ဆက်တည်း မြို့ပေါ်အခြေစိုက် (၅၄) တပ်ရင်းဖက်မှ လက်နက်ကြီးများ ပစ်ခတ်ခဲ့ကြောင်း သိရသည်။ 

လွိုင်ကော်မြို့ ပေါ်တွင် ယနေ့ညပိုင်း စစ်ကောင်စီ၏ စစ်ကားအချို့ လှည့်လည်နေပြီး ဗုံးပေါက်ကွဲ သံများနှင့် လက်နက်ကြီး ပစ်ခတ်သံများ ဆက်တိုက်ကြားနေကာ အကြောင်းအရာ အသေးစိတ်ကို အတည်ပြုနိုင်ခြင်း မရှိသေးပါ။

#TachileikNewsAgency