ရန်ကုန်တိုင်းဒေသကြီးရှိ ကိုဗစ်ရောဂါကုဆေးရုံများတွင် တာဝန်ထမ်းဆောင်ပြီး ပြန်လည်ရောက်ရှိလာမည့် ကယားပြည်နယ်မှ သူနာပြုများအား Quarantine ထား၍ ဓာတ်ခွဲ (၂)ကြိမ်စစ်ဆေးပေးမည်

ရန်ကုန်တိုင်းဒေသကြီးရှိ ကိုဗစ်ရောဂါကုဆေးရုံများတွင် တာဝန်ထမ်းဆောင်ပြီး ပြန်လည်ရောက်ရှိလာမည့် ကယားပြည်နယ်မှ သူနာပြုများအား Quarantine ထား၍ ဓာတ်ခွဲ (၂)ကြိမ်စစ်ဆေးပေးမည်
အောက်တိုဘာ 17, 2020
By 🌸
ရန်ကုန်တိုင်းဒေသကြီးရှိ ကိုဗစ်ရောဂါကုဆေးရုံများတွင် တာဝန်ထမ်းဆောင်ပြီး ပြန်လည်ရောက်ရှိလာမည့် ကယားပြည်နယ်မှ သူနာပြုများအား Quarantine ထား၍ ဓာတ်ခွဲ (၂)ကြိမ်စစ်ဆေးပေးမည်
ရန်ကုန်တိုင်းဒေသကြီး ဒဂုံဆိပ်ကမ်းမြို့နယ်နှင့် ဝေဘာဂီဆေးရုံများရှိ  Covid-19 ရောဂါကုဌာနများတွင် အချိန် တစ်လကြာ အားဖြည့်တာဝန်ထမ်းဆောင်ပြီး၍ ကယားပြည်နယ်သို့ အောက်တိုဘာလ (၁၆) ရက်နေ့ တွင် ပြန်လည်ထွက်ခွာလာပြီဖြစ်သည့် သူနာပြု (၂၁)ဦးအား လွိုင်ကော်သူနာပြုနှင့်သားဖွားသင်တန်းကျောင်းတွင် Quarantine ထားရှိကာ ပိုးစစ်ဆေးမှုနှစ်ကြိမ်ပြုလုပ်သွားမည်ဟု ပြည်နယ်ကုသရေး နှင့်ပြည်သူ့ကျန်းမာရေး ဦးစီဌာနမှသိရသည်။

“သူတို့ဟာ Quarantine နှစ်ပတ်ဝင်ရမှာဖြစ်ပါတယ်။ အဲဒီကာလအတွင်းမှာ swab နှစ်ကြိမ်လောက်စစ်ဆေးပြီးမှ သူတို့တွေကျန်းမာရေးကောင်းမှ ပိုးမတွေ့ရှိမှသာ သူတို့တွေ အလုပ်ကိုပြန်ပြီး ဝင်ရမှာဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆို သူတို့က ကိုဗစ်ရောဂါရှိတဲ့လူတွေကို တစ်လတာ သွားစောင့်ရှောက်ပြီး ပြန်လာတာဖြစ်တဲ့အတွက် ကိုဗစ်ပိုးက ပါလာနိုင်ပါတယ်။ အဲဒီလိုပါရင် ပြည်သူလူထုကြားမှာ မပြန့်ပွားရအောင် စနစ်တကျ Quarantine ဝင်ရောက်စေပြီးမှ တာဝန်ပြန်လည်ထမ်းဆောင်စေမှာဖြစ်ပါတယ်  ” 

ဟု ကယားပြည်နယ် ကုသရေးနှင့်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာဌေးလွင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
Covid-19 ရောဂါဒုတိယလှိုင်း ဖြစ်ပွားမှု တိုးမြင့်နေသည့် ရန်ကုန်တိုင်းဒေသကြီးသို့ အားဖြည့်တာဝန်  ထမ်းဆောင်ရန် စက်တင်ဘာလ (၁၅) ရက်နေ့တွင် ကယားပြည်နယ်မှ ပထမအသုတ်အဖြစ် သူနာပြု (၂၀)ဦးစေလွှတ်ခဲ့ခြင်းဖြစ်ပြီး ၎င်းတို့မှာ  ဒဂုံဆိပ်ကမ်းမြို့နယ်နှင့် ဝေဘာဂီဆေးရုံရှိ ကိုဗစ်ရောဂါကုဌာနများတွင် တစ်လကြာ တာဝန်ထမ်းဆောင်မှုပြီးဆုံး၍ ပြန်လာကြခြင်းဖြစ်သည်။

“ ဘယ်လိုပဲ ဖြစ်ဖြစ်ပေါ့လေ ဒီဆရာမတွေက တကယ့် ရောဂါဖြစ်တဲ့နေရာမှာ တာဝန်ထမ်းဆောင်ပေးခဲ့ကြတာ။ ပြန်ရောက်လာရင်လည်း ပိုးစစ်လို့တွေ့ရင်လည်းတွေ့နိုင်တယ်။ အဲဒီလိုဖြစ်ခဲ့ရင်တောင် ကျွန်မတို့က အားပေးကူညီကြမယ်။ ဆုတောင်းပေးကြမယ် ။သူတို့ရဲ့ ပေးဆပ်မှုတွေကို အသိမှတ်ပြုရပါမယ်။ ကဲ့ရဲ့ပြစ်တင်တာတွေ မလုပ်ကြဖို့တိုက်တွန်းချင်တယ်။ နွေးနွေးထွေးထွေ ကြိုဆိုပေးကြပါပေါ့ ” 

ဟု လွိုင်ကော်မြို့မှ ဒေသခံတစ်ဦးဖြစ်သည့် ဒေါ်အေးအေးဝင်းကေ ပြာသည်။
ရန်ကုန်တိုင်းဒေသကြီးရှိ ကိုဗစ်ရောဂါကုဆေးရုံများတွင် ကယားပြည်နယ်မှ တတိယအသုတ်အဖြစ် သွားရောက် တာဝန်ထမ်းဆောင်မည့် ကယားပြည်နယ်မှ သူနာပြု(၂၁)ဦးပါဝင်သည့်အဖွဲ့အား သွားရောက်ပို့ဆောင်သည့် လွိုင်ကော် သူနာပြုနှင့်သားဖွားသင်တန်းကျောင်းမှ ကား(၁)စီးနှင့် ရွှေလွိုင်ကော် ပရဟိတအဖွဲ့မှ ကား(၃)စီးတို့ဖြင့် လွိုင်ကော်ပြန်လာသည့် သူနာပြုများအား ပြန်လည်ခေါ်ဆောင်လာခြင်းဖြစ်သည်။
ရန်ကုန်တိုင်းဒေသကြီးရှိ ကိုဗစ်ရောဂါကုဆေးရုံများတွင် ပထမအသုတ်အဖြစ်တာဝန်ထမ်းဆောင်ခဲ့ကြသည့် သူနာပြု (၂၀)ဦး အား လွိုင်ကော်သို့ ပြန်လည်ရောက်ရှိပါက ပြည်နယ်အစိုးရမှ ထောက်ပံ့ပေးအပ်ထားသည့် ထောက်ပံ့ငွေ တစ်ဦးလျှင် (၁)သိန်းကျပ် ပေးအပ်သွားမည်ဖြစ်ကြောင်းသိရသည်။
Covid-19ရောဂါဖြစ်ပွားမှုမြင့်တက်နေသည့် ရန်ကုန်တိုင်းဒေသကြီး သို့ကယားပြည်နယ်မှ ကုသရေးပိုင်းတွင် အားဖြည့်သွားရောက် တာဝန်ထမ်းဆောင်သည့် သူနာပြုစုစုပေါင်း (၆၀)ဦး ၊ အထူးပြုဘာသာရပ်ဖြင့် သွားရောက်သူ (၂)ဦး ရှိပြီး ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုအပိုင်းတွင် ဆရာဝန်(၂) ဦးနှင့်ကျန်မာရေးမှူး (၃)ဦးစေလွှတ်ထားပြီး စုစုပေါင်း ရန်ကုန်တိုင်းဒေသကြီး သို့အားဖြည့်တာဝန်ထမ်းဆောင်ရန် ကျန်းမာရေးဝန်ထမ်း (၆၉)စေလွှတ်ထားပြီဖြစ်ကြောင်းသိရသည်။
Tachileik News Agency
သတင်း - ဆန်းဖြိုးထွန်း

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~