တာချီလိတ်ခရိုင်ပြည်သူ့ဆေးရုံကြီး(ဆေးရုံသစ်)အတွင်း စစ်တပ်နှင့်ရဲဝင်ရောက်မှု မတ်လ(၅)ရက်နေ့၏ တစ်နေ့တာ အခြေအနေ

တာချီလိတ်ခရိုင်ပြည်သူ့ဆေးရုံကြီး(ဆေးရုံသစ်)အတွင်း စစ်တပ်နှင့်ရဲဝင်ရောက်မှု မတ်လ(၅)ရက်နေ့၏ တစ်နေ့တာ အခြေအနေ
မတ် 5, 2021 | ရှမ်းရှေ့

တာချီလိတ်ခရိုင်ပြည်သူ့ဆေးရုံကြီး(ဆေးရုံသစ်)၏ ၂၀၂၁ခုနှစ် မတ်လ(၅)ရက်နေ့ နေ့လည်ပိုင်းက တံခါးကြီးအား တပ်နှင့်ရဲမှ ရိုက်ဖွင့်ကာ ဝင်ရောက်ပြီးနောက် စစ်ဆေးမှုများပြုလုပ်ကာ ဆေးရုံသန့်ရှင်းရေးဝန်ထမ်း အမျိုးသမီး တစ်ဦးကို ညနေပိုင်းက ခေါ်ဆောင်သွားပြီး ည(၈)နာရီခွဲဝန်းကျင်က ပြန်လည်ပို့ဆောင်ပေးလာကြောင်း သိရသည်။



တာချီလိတ်ဆေးရုံကြီးအတွင်းသို့ ဝင်ရောက်ပြီး ဝန်ထမ်းလိုင်းခန်းတွင် နေထိုင်သူ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများကို စစ်ဆေးမေးမြန်းခြင်း၊ ဖုန်းများ ယူစစ်ခြင်းများ ပြုလုပ်ပြီးနောက် မေးစရာရှိလို့ဟု ဆိုကာ ဆေးရုံ၏ သန့်ရှင်းရေးဝန်ထမ်းဖြစ်သူ ဒေါ်နန်းမြ​အောင်အား စစ်တပ်က ခေါ်ဆောင်သွားကြောင်း သိရသည်။

 

ယင်းနောက် ည(၈း၂၃)နာရီအချိန်တွင် သန့်ရှင်းရေးဝန်ထမ်းဖြစ်သူ ဒေါ်နန်းမြ​အောင်အား ပြန်လည်ပို့ဆောင်ပေးထားပြီး ဖုန်းကိုတော့ သိမ်းသွားကြောင်း သိရသည်။

 

ဆေးရုံအတွင်းရှိ စစ်တပ်က အခန်းတိုင်းကို ဓါတ်ပုံလိုက်ရိုက်ခြင်း၊ လက်ရှိ နေထိုင်သူ လူဦးရေစာရင်း ရယူခြင်းများ လုပ်ဆောင်သွားကြောင်း သိရသည်။

 

ယနေ့ည(၉)နာရီအချိန်တွင် ဆေးရုံအတွင်းမှ စစ်တပ်နှင့်ရဲများအားလုံး မရှိတော့ကြောင်းတွေ့ရသည်။

 

 တာချီလိတ်တွင် စစ်အာဏာရှင်စနစ်လက်အောက်တွင် တာဝန်ဝတ္တရာများကို မထမ်းဆောင်လို၍ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကာ ပြည်သူနှင့်အတူ ပူးပေါင်းပါဝင်ပြီး CDM လုပ်ဆောင်နေသည့် ကျန်းမာရေးဝန်ထမ်းအရေအတွက်မှာ (၃၀၀)ကျော်ရှိကြောင်း သိရသည်။