မိုင်းတုံ၊ ပုံပါကျင်၊ နားကောင်းမူတို့ရှိ ဈေးများတွင် COVID 19 အခမဲ့ လိုက်လံ စစ်ဆေးမည်

မိုင်းတုံ၊ ပုံပါကျင်၊ နားကောင်းမူတို့ရှိ ဈေးများတွင် COVID 19 အခမဲ့ လိုက်လံ စစ်ဆေးမည်
အောက်တိုဘာ 20, 2021 | Covid-19| ရှမ်းရှေ့

ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ်အတွင်း COVID 19 တတိယလှိုင်းအတွင်း အတည်ပြုလူနာ (၄၀၀) ကျော်တွေ့ရပြီးနောက် ဈေးများနှင့် လမ်းဘေးဈေးဆိုင်များကို ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ (၂၁) ရက်နေ့မှစပြီး အလှည့်ကျ COVID 19 လိုက်စစ်မည်ဟု သိရသည်။

Mass screening အနေနဲ့ မနက်ဖြန် မနက်ကစပြီး ရောဂါ အဓိက ပြန့်ပွားရာ နေရာဖြစ်တဲ့စျေးတွေမှာ ကြုံရာကျပန်းတွေ့တဲ့သူအားလုံးကို covid အခမဲ့ စစ်ဆေးပေးပါမယ်။ ဒီရက်ပိုင်း

ရပ်ကွက် ၃ ခုလုံးမှာ ပိုးတွေ့သူတွေ ပြန်ရှိလာပါတယ်။ သံသယလက္ခဏာရှိသူမည်သူမဆိုစျေးစစ်တဲ့ နေရာမှာ အခမဲ့လာရောက်စစ်ဆေးနိုင်ပါတယ်

ဟု မိုင်းတုံဆေးရုံအုပ်က အသိပေးထားသည်ကို တွေ့ရသည်။

မိုင်းတုံမြို့တွင် COVID 19 အခမဲ့စစ်ဆေးပေးခြင်းကို အောက်တိုဘာလ (၂၁) ရက်နေ့တွင် မိုင်းတုံမြို့မဈေး၊ အောက်တိုဘာလ (၂၅) ရက်နေ့တွင် နောင်ပါရင်ဈေးဆိုင်တန်း၊ အောက်တိုဘာလ (၂၇) ရက်နေ့တွင် မြို့မအိမ်ဆိုင်တန်း၊ နိုဝင်ဘာလ (၂) ရက်နေ့တွင် နောင်ပါရင်အိမ်ဆိုင်တန်း(တံတားအောက်)၊ နိုဝင်ဘာလ (၇) ရက်နေ့တွင် မြို့မကွက်သစ်အိမ်ဆိုင်၊ နိုဝင်ဘာလ (၉)ရက်နေ့တွင် နောင်ပါရင်အိမ်ဆိုင်တန်း (တံတားအပေါ်)၊ နိုဝင်ဘာလ (၁၂) ရက်နေ့တွင် ဝမ်နားအိမ်ဆိုင်နှင့် နိုဝင်ဘာလ (၁၆) ရက်နေ့တွင် ဝမ်မိုင်အိမ်ဆိုင်များကို စစ်ဆေးမည်ဟု သိရသည်။

ပုံပါကျင်မြို့တွင် အောက်တိုဘာလ (၂၇)ရက်နေ့မှ နိုဝင်ဘာလ (၃၀)ရက်နေ့အထိ ပုံပါကျင်မြို့မဈေးနှင့် လမ်းဘေးဆိုင်များ၊ အောက်တိုဘာလ (၂၃)၊ (၂၇)နှင့် (၃၁)ရက်နေ့များတွင် နားကောင်းမူဈေးကြီးရှေ့တို့တွင် စစ်ဆေးမည်ဟု သိရသည်။

ဈေးများတွင် စစ်ဆေးမှုအတွင်း မိုင်းတုံမြို့တွင် လူဦးရေ (၄၀၀)၊  ပုံပါကျင်မြို့တွင် လူဦးရေ (၁၀၀)နှင့် နားကောင်းမူတွင် လူဦးရေ(၉၀) စစ်ဆေးမည်ဟု သိရသည်။