တာချီလိတ်မြို့တွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ်ခရီးစဉ် ရှိ၍ လမ်းဘေးဈေးသည်များ အားလုံးကို ဈေးရောင်းချခွင့် ပိတ်ပင်ထား

တာချီလိတ်မြို့တွင် ရှမ်းပြည်နယ်ဝန်ကြီးချုပ်ခရီးစဉ် ရှိ၍ လမ်းဘေးဈေးသည်များ အားလုံးကို ဈေးရောင်းချခွင့် ပိတ်ပင်ထား
ဖေဖော်ဝါရီ 18, 2023 | ရှမ်းရှေ့

 ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် ရှမ်းပြည်နယ် စကစ ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၏ ခရီးစဉ်ရှိသည့်အတွက် ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးတလျှောက် ဘေး ဘယ်/ညာရှိ စားသောက်ဆိုင် နှင့် ဈေးသည်များကို တာချီလိတ်မြို့နယ်စည်ပင်သာယာရေးဌာနက ဈေးရောင်းချခွင့် ပိတ်ပင်ထားကြောင်း သိရသည်။

တာချီလိတ်မြို့၏ ဗိုလ်ချုပ်အောင်ဆန်းလမ်းမကြီးတစ်လျှောက် တွန်းလှည့်ဈေးသည် နှင့် ညပိုင်း စားသောက်ရောင်းသည့် ဈေးသည်များ တွန်းလှည်းစားသောက်သည်များ အားလုံးကို တာချီလိတ်မြို့နယ် စည်ပင်သာယာရေးဌာနက  ၂၀၂၃ခုနှစ် ဖေဖော်ဝါရီလ(၁၈)ရက်နေ့ကနေ ဖေဖော်ဝါရီလ (၁၉)ရက်နေ့အထိ ဈေးရောင်းချခွင့် ပိတ်ပင်ထားခြင်းဖြစ်ပြီး ဖေဖော်ဝါရီလ(၂၀)ရက်နေ့မှသာ ရောင်းချခွင့်ရရှိမည် ဖြစ်ကြောင်း သိရသည်။

"လူကြီးခရီးစဉ်ရှိလို့ ဈေးမရောင်းဖို့ စည်ပင်က လာပြောသွားတယ်။ ဒီလိုပဲ လူကြီးခရီးစဉ်ရှိတိုင်း ဈေးမရောင်းရဘူး တခါတလေ (၂)ရက် တခါတလေ(၃)ရက်အထိ ပိတ်ပင်ခံရတာမျိုးတွေရှိတတ်ပါတယ်။ တကယ်ဆို လူကြီးလမ်းကြောင်းလည်း သူ့ဟာသူ သွားပေါ့။ ဘာလို့ ဈေးသည်တွေအပေါ် ထိခိုက်နေလဲ။ အောက်က လူတွေက ဖားတာလား၊ အဲ့ဒီ လူကြီးတွေကပဲ ခိုင်းတာလားမသိဘူး၊။ သူတို့ လမ်းကြောင်းရှိရင် ဈေးမထွက်ရတော့ဘူး"ဟု တွန်းလှည်းဖြင့် ဈေးရောင်းသည့် ဈေးသည်တစ်ဦးက Tachileik News Agency သို့ ဖေဖော်ဝါရီလ(၁၈)ရက်နေ့တွင် ပြောသည်။

ရှမ်းပြည်နယ် စကစ ဝန်ကြီးချုပ် ဦးအောင်ဇော်အေးသည် တာချီလိတ်မြို့ရှိ ခရိုင်/မြို့နယ်စုပေါင်းရုံး၏ အပေါ်ထပ်အစည်းအဝေးခန်းမတွင်  ၂၀၂၃ခုနှစ် ဖေဖော်ဝါရီလ(၁၉)ရက်နေ့ နေ့လည်(၂)နာရီဝန်းကျင်တွင် အစည်းအဝေးပြုလုပ်မည်ဖြစ်ကြောင်းလည်း သိရသည်။

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က အာဏာသိမ်းသက်တမ်း (၂)နှစ်ပြည့်တွင် အစားထိုးကာ ရှမ်းပြည်နယ်စကစ ဝန်ကြီးချုပ်အဖြစ်  အသစ် ခန့်လိုက်သည့် ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ ဒုတိယဗိုလ်ချုပ်ကြီး အောင်ဇော်အေးသည် စစ်သားကနေ အရပ်သားအဖြစ် ပြောင်းလဲပြီး ရှမ်းပြည်နယ်၏ ဝန်ကြီးချုပ်   ဖြစ်လာသည်။