ကျိုင်းတုံမြို့တွင် ကုန်စုံဆိုင်၌ အလုပ်လုပ်နေသည့် လူငယ်တစ်ဦးကို ခဏဟုလိမ်ခေါ်သွားပြီး ဖမ်းဆီးထား

ကျိုင်းတုံမြို့တွင် ကုန်စုံဆိုင်၌ အလုပ်လုပ်နေသည့် လူငယ်တစ်ဦးကို ခဏဟုလိမ်ခေါ်သွားပြီး ဖမ်းဆီးထား
ဧပြီ 7, 2021 | ရှမ်းရှေ့

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့ တွင် လုပ်ငန်းခွင် ဝင်နေသည့် လူငယ်တစ်ဦးအား အာဏာသိမ်းစစ်ကောင်စီ၏ စစ်တပ်နှင့် ရဲတို့က  ခဏဟုလိမ်ပြောကာ ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် အဆက်အသွယ်မရရှိသေးကြောင်း သိရသည်။

ကျိုင်းတုံမြို့တွင်း ပါလျှံဘုန်းကြီးကျောင်းတန်းလျားရှိ ကုန်စုံဆိုင်တွင် အလုပ် လုပ်ကိုင်နေသည့် ကိုဖြိုးဝေစိုးအား ယနေ့ ၂၀၂၁ခုနှစ် ဧပြီလ(၆)ရက်နေ့ နေ့လည် (၂)နာရီခွဲဝန်းကျင်အချိန်က အာဏာသိမ်းစစ်ကောင်စီ၏ စစ်တပ်နှင့် ရဲတို့က SHN / 7L-2973 နံပါတ် တပ်ဆင်ထားသည့် ကားအဖြူရောင်ဖြင့် ရောက်ရှိလာပြီး ဆိုင်အတွင်းဝင်ရောက်ကာ ခဏဟု ပြောဆိုကာ ဖမ်းဆီးခေါ်ဆောင်သွားခြင်း ဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးခေါ်ဆောင်သည့် အကြောင်းအရင်းကို ပွင့်လင်းမြင်သာစွာ ပြောခြင်းမရှိဘဲ ခဏဟု လိမ်လည်ပြောပြီး ခေါ်ဆောင်သွားခြင်း ဖြစ်ကြောင်း သိရသည်။

ယနေ့  ည(၉း၁၇)နာရီဝန်းကျင်အချိန်ကလည်း ကိုဖြိုးဝေစိုး၏ သူငယ်ချင်းဖြစ်သူ ကိုစောကျော်သူရ ၏ နေအိမ်အား ဧည့်စာရင်းစစ်ရန်အတွက် တံခါးဖွင့်ပေးဖို့ အာဏာသိမ်းစစ်ကောင်စီ၏ စစ်တပ်နှင့် ရဲတို့ကပြောဆိုပြီး ကိုစောကျော်သူရကို အကြောင်းမဲ့ ဖမ်းဆီးခေါ်ဆောင်သွားကြောင်းလည်း သိရသည်။