ကျိုင်းတုံမြို့တွင်း ရေမီတာများကို နေအိမ်များတွင် တပ်ဆင်ခြင်း မပြုတော့ဘဲ Sub Main စနစ် ပြောင်းလဲ အသုံးပြုမည်

ကျိုင်းတုံမြို့တွင်း ရေမီတာများကို နေအိမ်များတွင် တပ်ဆင်ခြင်း မပြုတော့ဘဲ Sub Main စနစ် ပြောင်းလဲ အသုံးပြုမည်
ဒီဇင်ဘာ 22, 2019
By Tachileik News Agency

ကျိုင်းတုံမြို့တွင်း ရေမီတာများကို နေအိမ်များတွင် တပ်ဆင်ခြင်း မပြုတော့ဘဲ 
Sub Main စနစ် ပြောင်းလဲ အသုံးပြုမည်

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့တွင်း အသုံးပြုနေသည့် ရေမီတာများကို နေအိမ်များတွင် တပ်ဆင်ပေးတော့မည်မဟုတ်ဘဲ Sub Main မီတာစနစ်များ ပြောင်းလဲတပ်ဆင်အသုံးပြုတော့မည်ဖြစ်ကြောင်း သိရသည်။

"အားလုံးတော့ မလုပ်နိုင်သေးဘူး။ ရေပိုက်အသစ်သွယ်တဲ့သူတွေကို အိမ်ထဲမှာ ရေမီတာထားခွင့် မပေးတော့ဘူး။ ဒီ Sub Main မှာပဲ သွယ်တန်းခွင့်ပေးတော့တယ်။ အရင်တပ်ထားတဲ့ မီတာတွေကိုလည်း ပြည်သူလူထုကို စည်းရုံးပြီးတော့ စနစ်တကျ ပြောင်းလဲတပ်ဆင်သွားမှာပါ"ဟု ကျိုင်းတုံမြို့နယ် စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဦးကျော်မင်းထိုက်က တာချီလိတ်သတင်းအေဂျင်စီသို့ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၂၂)ရက်နေ့တွင် ပြောသည်။

လက်ရှိအသုံးပြုနေသည့် ရေမီတာများမှာ နေအိမ်ဝင်းများအတွင်း တပ်ဆင်ထားသဖြင့် ရေပိုက်နှင့် ရေမီတာပျက်စီးများ ပြုပြင်ရန်နှင့် ရေမီတာဖတ်ရှုရန် နေအိမ်ခြံဝင်းအတွင်း ဝင်ရောက်ရသဖြင့် အခက်အခဲရှိခြင်း၊ မသမာသော နည်းလမ်းများဖြင့် ရေရယူသုံးစွဲမှုများရှိခြင်းတို့ကြောင့် Sub Main System ဖြင့်ပြောင်းလဲတပ်ဆင်ခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် Sub Main System ဖြင့် ရေမီတာ အလုံး (၅၀) ကျော်စတင်တပ်ဆင်ပြီး ယခင်က (၆) လတစ်ကြိမ် ရေမီတာကောက်ခံနေမှုကို ၂၀၁၉ -၂၀၂၀ ဘဏ္ဍာရေးနှစ်မှစတင်ပြီး (၃) လတစ်ကြိမ် ကောက်ခံသည့်စနစ်ကို ပြောင်းလဲအသုံးပြုသွားမည်ဖြစ်ကြောင်း သိရသည်။

နမ့်ကွီရေထွက်မှတစ်ဆင့် (၈) မိုင်ရေစုကန်သို့ ရေပိုက်လိုင်းများဖြင့် သွယ်တန်းပြီး ယင်းမှတစ်ဆင့် ကျိုင်းတုံမြို့တွင်း ရပ်ကွက်များသို့ ရေဖြန့်ဝေပေးဝေပေးနေခြင်းဖြစ်သည်။

Tachileik News Agency
သတင်း ဟန်စိုးထိုက်

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~