(၂) ထပ် အိမ်ကို လိင်အရုပ်ပြတိုက်အဖြစ် ပြောင်းလဲထားသည့် ဂျပန်အမျိုးသား

(၂) ထပ် အိမ်ကို လိင်အရုပ်ပြတိုက်အဖြစ် ပြောင်းလဲထားသည့် ဂျပန်အမျိုးသား
အောက်တိုဘာ 15, 2023 | နိုင်ငံတကာသတင်း
By Mr John

 ဂျပန်နိုင်ငံတွင် အမျိုးသားတစ်ဦးက ၎င်း၏ (၂) ထပ် အိမ်ကို ကိုယ်ပိုင် လိင်ဖျော်ဖြေရေးအရုပ် (sex doll) ပြတိုက်အဖြစ် ပြောင်းလဲထားသည်။ 

ယိုရှီတာကာ ဟျူဒို (Yoshitaka Hyodo) ဆိုသူ ဂျပန်အမျိုးသား၏ "Yashio Adult Museum" ပြတိုက်မှာ တိုကျိုမြို့ အပြင်ဘက်တွင် တည်ရှိပြီး ၎င်းစုဆောင်းထားသော လိင်ဖျော်ဖြေရေးအရုပ်များကို အသေးစိတ် ဂရုတစိုက် စီစဥ်ခင်းကျင်း ပြသထားသည်။

အသက် (၄၉) နှစ်အရွယ် ယိုရှီတာကာ၏ ပြတိုက်မှာ Saitama စီရင်စု Yashio မြို့စွန်တွင် တည်ရှိပြီး လိင်ဖျော်ဖြေရေးအရုပ် ပုံစံမျိုးစုံသာမက လိင်ဖျော်ဖြေရေး ရှေးဟောင်းပစ္စည်းများကိုလည်း စုဆောင်းထားသည်။ 

ငယ်စဥ်ကတည်းက တုပဖန်တီးထားသော ပစ္စည်းများကို စိတ်ဝင်တစား စွဲလမ်းခဲ့ရာမှ ၎င်း၏အိမ်ကို လိင်အရုပ်ပြတိုက်အဖြစ် ပြောင်းလဲဖြစ်ခဲ့ကြောင်း ယိုရှီတာကာက ဆိုသည်။

ယိုရှီတာကာက အဝတ်အထည်များ ဝတ်ဆင်ပြသရန် အသုံးပြုသည့် လူပုံစံတူ အရုပ်တစ်ရုပ်ကို အမှိုက်ပုံတစ်ခုတွင် တွေ့ရှိခဲ့ပြီးနောက် လွန်ခဲ့သော နှစ် (၂၀) ကျော်မှစ၍ အရုပ်စုဆောင်းသူတစ်ဦး  ဖြစ်လာခဲ့သည်။ 

ထိုအရုပ်ကို တွေ့ရှိပြီးနောက် ယိုရှီတာကာက ၎င်း၏ဘေးတွင် အရုပ်များ ဝန်းရံထားရှိရန် ဆန္ဒဖြစ်လာခဲ့သည်။ 

ထိုအချိန်မှစ၍ လိင်ဖျော်ဖြေရေးအရုပ်များ၊ အဝတ်အထည် ဝတ်ဆင်ပြသည့် အရုပ်များ အပါအဝင် အရုပ် (၅၀) ဝန်းကျင်ကို ၎င်းက စုဆောင်းခဲ့သည်။

"ကျွန်တော် စုဆောင်းထားတဲ့ လိင်ဖျော်ဖြေရေးအရုပ် ထက်ဝက်လောက်က ကျွန်တော်ကိုယ်တိုင် ဝယ်ထားတာဗျ။ ကျန်တာတွေကတော့ အိမ်ထောင်ကျသွားတာကြောင့်နဲ့ အခြား အကြောင်းကြောင်းတွေကြောင့် ဒီအရုပ်တွေ မလိုအပ်တော့တဲ့ အသိအကျွမ်းတွေဆီကနေ ရခဲ့တာ" ဟု ယိုရှီတာကာက Kyodo News သတင်းဌာနနှင့် အင်တာဗျူးတွင် ပြောခဲ့သည်။

ယိုရှီတာကာက စုဆောင်းထားရှိသည့် လိင်ဖျော်ဖြေရေးအရုပ် အများစုမှာ ၁၉၇၇ ခုနှစ်ကတည်းက အရည်အသွေးမြင့် လိင်ဖျော်ဖြေရေးအရုပ်များ ထုတ်လုပ်ခဲ့သည့် တိုကျိုအခြေစိုက် Orient Industry ကုမ္ပဏီမှ ဖြစ်သည်။ 

ထိုကုမ္ပဏီက ထုတ်လုပ်ထားသော လိင်ဖျော်ဖြေရေးအရုပ်များမှာ ဈေးမသက်သာဘဲ အသက်ဝင်လှသော အမျိုးသမီးအရုပ်များ ဂျပန်ယန်းငွေ (၇၀၀,၀၀၀) (အမေရိကန်ဒေါ်လာ ၅,၀၀၀) ပေးရသည်။

Source: Kyodo News

Photo:  Yoshitaka Hyodo