ဂရိကမ်းလွန်တွင် ရွှေ့ပြောင်းနေထိုင်သူများ လိုက်ပါလာသည့် စက်လှေတစ်စီး နစ်မြုပ်ခဲ့ပြီး အများအပြား ရေနစ်သေဆုံး

ဂရိကမ်းလွန်တွင် ရွှေ့ပြောင်းနေထိုင်သူများ လိုက်ပါလာသည့် စက်လှေတစ်စီး နစ်မြုပ်ခဲ့ပြီး အများအပြား ရေနစ်သေဆုံး
By Mr John

 

ဂရိနိုင်ငံ ကမ်းလွန်ပင်လယ်ပြင်တွင် ရွှေ့ပြောင်းနေထိုင်သူများ လိုက်ပါလာသည့် စက်လှေတစ်စီး ဇွန်လ (၁၄) ရက်နေ့က တိမ်းမှောက်ပြီး နစ်မြုပ်ခဲ့ရာ အနည်းဆုံး (၇၉) ဦး သေဆုံးကြောင်းနှင့် နောက်ထပ် ပျောက်ဆုံးနေသူများရှိနိုင်ကြောင်း သိရသည်။

၂၀၂၃ခုနှစ် ဇွန်လ (၁၄) ရက်နေ့၏ နေ့လယ်ပိုင်းအထိ လူ (၁၀၄) ဦးကို ကယ်ဆယ်ခဲ့ကြောင်း အာဏာပိုင်များက ပြောသည်။ 

သို့သော် တိမ်းမှောက်နစ်မြုပ်သွားသည့် စက်လှေပေါ်တွင် လူအရေအတွက် မည်မျှ လိုက်ပါလာကြောင်း အတိအကျ မသိရသေးဟု ဆိုသည်။ 

ရွှေ့ပြောင်းနေထိုင်သူများ လိုက်ပါလာသည့် စက်လှေတိမ်းမှောက်နစ်မြုပ်မှုအတွင်း သေဆုံးသူ အရေအတွက် မြင့်တက်လာမည်ကို စိုးရိမ်ပူပန်ကြောင်း အမည်မဖော်သူ သက်ဆိုင်ရာ ဝန်ကြီးဌာန အရာရှိတစ်ဦးက ပြောသည်။ 

ဂရိနိုင်ငံမှာ အရှေ့အလယ်ပိုင်း၊ အာရှနှင့် အာဖရိကမှ ဒုက္ခသည်များနှင့် ရွှေ့ပြောင်းနေထိုင်သူများ ဥရောပသို့ဝင်ရောက်ရာ အဓိက လမ်းကြောင်းတစ်ခုလည်း ဖြစ်သည်။

 

အများစုမှာ အနီးအနားရှိ တူရကီနိုင်ငံမှ ဂရိကျွန်းစုများကို ဖြတ်ကျော်သွားကြခြင်း ဖြစ်သော်လည်း ပိုမိုအချိန်ရှည်ကြာပြီး ပိုမိုအန္တရာယ်ရှိသော ရေလမ်းကြောင်းခရီးကို စက်လှေများဖြင့် တူရကီမှ အီတလီသို့ ဂရိမှတစ်ဆင့် ဖြတ်သန်းသွားလာမှုများ တိုးလာကြောင်း သိရသည်။ 

တိမ်းမှောက်နစ်မြုပ်သွားသည့် စက်လှေမှာ လစ်ဗျားနိုင်ငံ Tobruk မြို့မှ ထွက်ခွာလာခဲ့ခြင်းဖြစ်ပြီး အီတလီနိုင်ငံသို့ ဦးတည်ခဲ့ကြောင်း ဂရိအစိုးရသတင်းဌာန ERT က ဖော်ပြသည်။

ယခုဖြစ်ရပ်မှာ ၂၀၂၃ ခုနှစ်အတွင်း ဂရိကမ်းလွန်တွင် ဖြစ်ပွားခဲ့သည့် လူသေဆုံးမှုအများဆုံး ရေယာဥ်နစ်မြုပ်မှုနှင့် ဥရောပတွင် အဆိုးဆုံး ရေယာဥ်နစ်မြုပ်သည့် ဘေးအန္တရယ်ကျရောက်မှုများအနက် ပါဝင်သည်။ 

၂၀၂၃ ခုနှစ် ဖေဖေါ်ဝါရီလက သစ်သားစက်လှေတစ်စီး အီတလီနိုင်ငံ ကာရေဘီယန်ကမ်းရိုးတန်းတွင် မုန်တိုင်းတိုက်ခတ်စဥ်အတွင်း ပျက်စီးနစ်မြုပ်ခဲ့ရာ လူ (၉၆) ဦး သေဆုံးခဲ့ကြောင်း သိရသည်။

၂၀၂၃ ခုနှစ် လက်ရှိအချိန်အထိ ဒုက္ခသည်နှင့် ရွှေ့ပြောင်းနေထိုင်သူ (၇၂,၀၀၀) ခန့် ဥရောပ၏ မြေထဲပင်လယ်နိုင်ငံများသို့ ရောက်ရှိလာခဲ့ကြကြောင်း ကုလသမဂ္ဂ အချက်အလက်များအရ သိရှိရပြီး အများစုမှာ အီတလီသို့ ရောက်ရှိလာခဲ့ကြပြီး (၆,၅၀၀) ခန့်က ဂရိသို့ ရောက်ရှိခဲ့ကြသည်။ 

ကုလသမဂ္ဂ အချက်အလက်များအရ ၂၀၂၃ ခုနှစ်အတွင်း မြေထဲပင်လယ်တွင် လူ (၁,၀၀၀) နီးပါး သေဆုံးခဲ့ သို့မဟုတ် ပျောက်ဆုံးခဲ့ကြောင်း ခန့်မှန်းထားသည်။