လေထုညစ်ညမ်းမှုကြောင့် အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တွင် လူ့သက်တမ်း(၁၀) နှစ်နီးပါး တိုနိုင်

Photo: GETTY IMAGES
Photo: GETTY IMAGES
လေထုညစ်ညမ်းမှုကြောင့် အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တွင် လူ့သက်တမ်း(၁၀) နှစ်နီးပါး တိုနိုင်
By Mr John

ကမ္ဘာ့လေထုအညစ်ညမ်းဆုံးမြို့ဖြစ်သည့် အိန္ဒိယနိုင်ငံ မြို့တော် နယူးဒေလီတွင် လေထုညစ်ညမ်းမှုက လူ့သက်တမ်းကို (၁၀) နှစ်နီးပါး တိုစေနိုင်ကြောင်း အမေရိကန် သုတေသနအဖွဲ့တစ်ဖွဲ့၏ အစီရင်ခံစာအရ သိရှိရသည်။ 

ထို့အတူ လေထုညစ်ညမ်းမှု တစ်ကမ္ဘာလုံးအတိုင်းအတာ လူ့သက်တမ်းကိုလည်း (၂) နှစ်ကျော် တိုစေနိုင်သည်ဟု အမေရိကန်နိုင်ငံ ချီကာဂိုတက္ကသိုလ်၏ Energy Policy Institute (EPIC)က ဇွန်လ (၁၄) ရက်တွင် ထုတ်ပြန်သည့် အစီရင်ခံစာ၌ ပြောထားသည်။

လေထုအရည်အသွေးအရ အိန္ဒိယနိုင်ငံ၏ ပျမ်းမျှ လူ့သက်တမ်းမှာ (၅) နှစ် တိုသွားကြောင်း ထိုအစီရင်ခံစာက ဆိုသည်။ 

အိန္ဒိယ၏ လူဦးရေ (၁.၃) ဘီလီယံမှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း World Health Organization (WHO) က သတ်မှတ်ထားသည့် နှစ်စဥ် အမှုန်အမွှားညစ်ညမ်းမှုအဆင့် အညွန်းကိန်း 5µg/m³ ထက် ကျော်လွန်သော နေရာများတွင် နေထိုင်ကြသည်ကြောင်း သိရသည်။ 

လေထုညစ်ညမ်းမှုကြောင့် အိန္ဒိယတွင် နှစ်စဥ် လူပေါင်းသန်းနှင့်ချီ သေဆုံးနေကြသည်။

ဆောင်းရာသီလများအတွင်း မီးခိုးမြူများ ပြည့်နေသည့်လေထုမှာ အိန္ဒိယမြို့များကို ဖုံးအုပ်နေလေ့ရှိပြီး ထိုလေထဲတွင် PM2.5 ခေါ် အဆုတ်ထိခိုက်နိုင်ပြီး ရောဂါအများအပြား ဖြစ်စေနိုင်သည့် အလွန်သေးငယ်သော အမှုန်အမွှားများ ပါဝင်နေသည်။ 

EPIC ၏ Air Quality Life Index အရ အိန္ဒိယမြောက်ပိုင်းတွင် နေထိုင်ကြသည့် နိုင်ငံ၏လူဦးရေ (၄၀) ရာခိုင်နှုန်းဖြစ်သော လူဦးရေ သန်း (၅၁၀) မှာ လက်ရှိ လေထုညစ်ညမ်းအဆင့်များကြောင့် ၎င်းတို့၏ ပျမ်းမျှ လူ့သက်တမ်း (၇.၆) နှစ် ဆုံးရှုံးမည့်အခြေအနေတွင် ရှိနေသည်။

သို့သော် လေထုညစ်ညမ်းမှုအဆင့်များကို WHO သတ်မှတ်ချက်များသို့ လျှော့ချခြင်းဖြင့် အိန္ဒိယမြောက်ပိုင်း အူတာပရာဒက်ရှ်ပြည်နယ်ရှိ ခန့်မှန်းခြေအားဖြင့် လူဦးရေ သန်း (၂၄၀) မှာ သက်တမ်း (၁၀) နှစ် တိုးလာမည်ဟု သိရသည်။ 

EPIC က ၂၀၁၃ ခုနှစ်ကတည်းက ပြောထားမှုအရ ကမ္ဘာတဝန်း ညစ်ညမ်းမှု (၄၄) ရာခိုင်နှုန်းခန့်မှာ အိန္ဒိယမှဖြစ်ကြောင်းနှင့် လက်ရှိတွင် ကမ္ဘ့ဒုတိယမြောက် အညစ်ညမ်းဆုံး နိုင်ငံဖြစ်သည်ဟု ဆိုသည်။ 

Source: BBC, AFP