ထိုင်းနိုင်ငံတွင် (၁၀) နှစ်ကြာ နေထိုင်နိုင်မည့် ကာလရှည်ဗီဇာ လျှောက်ထားနိုင်ပြီ 

ထိုင်းနိုင်ငံတွင် (၁၀) နှစ်ကြာ နေထိုင်နိုင်မည့် ကာလရှည်ဗီဇာ လျှောက်ထားနိုင်ပြီ 
စက်တင်ဘာ 4, 2022 | နိုင်ငံတကာသတင်း

ထိုင်းနိုင်ငံတွင် ကာလရှည်ကြာ လာရောက်အခြေချ နေထိုင်လိုသည့် ချမ်းသာကြွယ်ဝသူများနှင့် စီးပွားရေးတွင် ကြီးမားသော ရင်းနှီးမြှုပ်နှံမှုလုပ်ရန် အလားအလာရှိသူများအတွက် ကာလရှည်နေထိုင်ခွင့်ဗီဇာ long-term resident (LTR) လျှောက်ထားမှုများကို ရင်းနှီးမြှုပ်နှံမှုဘုတ်အဖွဲ့ Board of Investment (BoI) က တရားဝင် စတင်လက်ခံနေပြီဟု သိရသည်။ 

LTR ဗီဇာက ထိုင်းနိုင်ငံသားမဟုတ်သူများကို ထိုင်းနိုင်ငံတွင် (၁၀) နှစ်အထိ ကာလရှည်ကြာ နေထိုင်ခွင့်ပြုသွားမည်ဖြစ်ကြောင်း အလုပ်သမားဝန်ကြီး  Suchart Chomklin က ပြောသည်။

စက်တင်ဘာလ (၁) ရက်နေ့မှစ၍ ထိုဗီဇာများကို အွန်လိုင်း ( https://ltr.boi.go.th )ကနေ စတင်လျှောက်ထားနိုင်ပြီဖြစ်ပြီး PDF ဖိုင်( https://bit.ly/3KKoV6y )နှင့် လျှောက်လွှာတင်ရမည့် လုပ်ငန်းစဥ်များကို BoI ဝက်ဘ်ဆိုက် မှ download ရယူနိုင်မည်ဖြစ်သည်။ 

အဆိုပါ ဗီဇာတွင် အသစ်လာရောက်နေထိုင်ကြမည့် နိုင်ငံခြားသားများ၊ ထိုင်းနိုင်ငံတွင် ကာလရှည်နေထိုင်မည့် သို့မဟုတ် အလုပ်လုပ်ကိုင်မည့် နည်းပညာရှင်များနှင့် အရည်အသွေးရှိ ကျွမ်းကျင်သူများကို ဆွဲဆောင်ရန် အခွန်နှင့်ပတ်သက်၍ ခံစားခွင့်များပေးထားသည်ဟုလည်း ဆိုသည်။

ထိုင်းနိုင်ငံတွင် ပိုင်ဆိုင်မှုနှင့် ရင်းနှီးမြှုပ်နှံမှု အနည်းဆုံး အမေရိကန်ဒေါ်လာ (၁) သန်းရှိသူများ စတင်လက်ခံနေပြီဖြစ်သည့် (၁၀) နှစ် ဗီဇာ လျှောက်ထားနိုင်မည် ဖြစ်သည်။ 

ထို့အတူ နှစ်စဥ် ပင်စင်လစာ သို့မဟုတ် ပုံမှန်တည်ငြိမ်သည့် ဝင်ငွေရှိသော အသက် (၅၀) နှစ်နှင့်အထက် အငြိမ်းစားများလည်း ကာလရှည်ဗီဇာ လျှောက်နိုင်ကြောင်း သိရသည်။

ဗီဇာလျှောက်နိုင်သည့် တတိယအုပ်စုတွင် ကောင်းမွန်စွာ တည်ထောင်လည်ပတ်နေသော ပြည်ပကုမ္ပဏီများက အလုပ်ခန့်ထားပြီး ထိုင်းနိုင်ငံတွင် နေထိုင်၍ အွန်လိုင်းမှတစ်ဆင့် အလုပ်လုပ်ကိုင်လိုသူ နိုင်ငံခြားသား အလုပ်သမားများ ပါဝင်သည်။ 

ဗီဇာ‌လျှောက်နိုင်သည့် နောက်ထပ်အုပ်စုမှာ စီးပွားရေးလုပ်ငန်းများ၊ စက်မှုလုပ်ငန်းများ၊ အဆင့်မြင့်ပညာရေးကျောင်းများ၊ သုတေနသဌာနများ သို့မဟုတ် ထိုင်းနိုင်ငံရှိ အထူးပြုသင်တန်းကျောင်းများ သို့မဟုတ် ထိုင်းအစိုးရဌာနများအတွက် အလုပ်လုပ်ကိုင်ရန် ကျွမ်းကျင်သူများဖြစ်ကြောင်း သိရသည်။

LTR ဗီဇာ ရရှိသူများ၏ ဇနီးနှင့် အသက် (၂၀) နှစ်အောက် ကလေးများကိုလည်း အလားတူ ဗီဇာထုတ်ပေးမည်ဖြစ်ပြီး LTR ဗီဇာကိုင်ဆောင်သူတစ်ဦးက အများဆုံး မှီခိုသူ (၄) ဦးအထိ ၎င်းနှင့်အတူထားရှိနိုင်သည်။ 

ဆက်စပ် သတင်းတစ်ရပ်အရ ထိုင်းနိုင်ငံ အလုပ်သမားဝန်ကြီးဌာနက မြန်မာနိုင်ငံမှ အလုပ်သမားများအတွက် အသိအမှတ်ပြုလက်မှတ် certificates of identity (CI) များကို နောက်ထပ် (၂) လ သက်တမ်းတိုးပေးရန် အစိုးရအဖွဲ့ ခွင့်ပြုချက် စောင့်ဆိုင်းနေကြောင်း သိရသည်။

မြန်မာဘက်မှ တာဝန်ရှိသူများက ထိုင်းအလုပ်သမားဝန်ကြီးဌာန၏ အလုပ်အကိုင်ခန့်ထားရေးဌာနှင့် ပူးပေါင်းဆောင်ရွက်နေကြောင်းနှင့် CI ကတ် မရရှိသေးသည့် မြန်မာအလုပ်သမား (၁၀၀,၀၀၀) ခန့်ရှိနေကြောင်း ဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက ပြောသည်။ 

မြန်မာအလုပ်သမားများအနေဖြင့် CI ကတ်ရရှိပါက လူဝင်မှုကြီးကြပ်ရေးဌာန၌ သက်မှတ်အချိန်အတွင်း ထိုင်းနိုင်ငံတွင် နေထိုင်ခွင့်ရရန် လျှောက်ထားနိုင်မည်ဖြစ်ပြီး ၂၀၂၅ ခုနှစ် ဖေဖေါ်ဝါရီလ (၁၃) ရက်အထိ အလုပ်လုပ်ကိုင်နိုင်မည်ဟု သိရသည်။

Source: Bangkok Post