ထိုင်းနိုင်ငံတွင် COVID 19 အတည်ပြုလူနာ ၂၀,၀၀၀ ကျော် ထပ်တိုးပြီး လူနာ (၁)သိန်းနီးပါးမှာ နေအိမ်တွင် ကုသနေရ

ထိုင်းနိုင်ငံတွင် COVID 19 အတည်ပြုလူနာ ၂၀,၀၀၀ ကျော် ထပ်တိုးပြီး လူနာ (၁)သိန်းနီးပါးမှာ နေအိမ်တွင် ကုသနေရ

ထိုင်းနိုင်ငံတွင် တစ်နေ့တာအတွင်း COVID 19 အတည်ပြုလူနာ (၂၁,၃၇၉) ဦးထပ်တိုးပြီး (၁၉၁) ဦးသေဆုံးကာ ဘန်ကောက်တွင် လူနာ (၁) သိန်းနီးပါးမှာ ဆေးရုံကုသဆောင်များတွင် မထားနိုင်ဘဲ နေအိမ်တွင် သီးခြားခွဲ၍နေထိုင်ကုသမှုခံယူနေကြကြောင်း သိရသည်။

ထပ်တိုးလာသည့် အတည်ပြုလူနာ (၂၀,၈၉၅)ဦးနှင့် အကျဉ်းထောင်များမှ (၄၈၄) ဦးထပ်တိုးလာခြင်းဖြစ်ကြောင်း ပြည်သူ့ကျန်းမာရေးဌာနက ၂၀၂၁ ခုနှစ် ဩဂုတ်လ (၆) ရက်နေ့က သတင်းထုတ်ပြန်သည်။

ထိုင်းနိုင်ငံအတွင်း နေ့စဉ် အတည်ပြုလူနာဦးရေ သောင်းဂဏန်းတိုးနေပြီး ဘန်ကောက်တွင်အမြင့်ဆုံးဖြစ်နေရာ ဘန်ကောက်ရှိ ဆေးရုံများတွင် နေရာမလုံလောက်တော့သဖြင့် မိမိနေအိမ်တွင် သီးခြားနေထိုင်စေ၍ ကုသမှုခံယူနေရသူမှာ ဩဂုတ်လ (၅) ရက်နေ့အထိ စာရင်းအရ (၁) သိန်းဝန်းကျင်ရှိနေသည်ဟု သိရသည်။

နေအိမ်တွင် သီးခြားနေထိုင်စေသည့် အတည်ပြုလူနာများကို ကုသစောင့်ရှောက်မှုပေးမည့် စင်တာပေါင်း (၂၃၂) ခုဖြင့် ကုသမှုပေးနေသည်ဟု သိရသည်။

နေအိမ်တွင် ကုသမှုခံယူနေရသူများရှိနေသဖြင့် Antigen test kit များကို အများပြည်သူ ဝယ်ယူခွင့်ပေးရန် ပြင်ဆင်နေပြီး အမှတ်တံဆိပ် (၁၉) ခုကို ရောင်းချခွင့်ရရေးအတွက် ကုမ္ပဏီများက အဆိုပြုတင်ပြထားကြကာ ဆေးရုံများနှင့် ဆေးဆိုင်များတွင်သာ ရောင်းချခွင့်ပေးမည်ဖြစ်ကြောင်း သိရသည်။