တာချီလိတ်မြို့တွင် CDM လုပ်ဆောင်နေသည့် ဝန်ထမ်းများကို (၂)ရက်အတွင်း ကျပ်(၉၃)သိန်း နှင့် ဆန်ဆီ စားနပ်ရိက္ခာများကို Tachileik CDM Support အဖွဲ့က ထောက်ပံ့ပေးထား

တာချီလိတ်မြို့တွင် CDM လုပ်ဆောင်နေသည့် ဝန်ထမ်းများကို (၂)ရက်အတွင်း ကျပ်(၉၃)သိန်း နှင့် ဆန်ဆီ စားနပ်ရိက္ခာများကို Tachileik CDM Support အဖွဲ့က ထောက်ပံ့ပေးထား
ဖေဖော်ဝါရီ 28, 2021 | ရှမ်းရှေ့

စစ်အာဏာရှင်စနစ်အား ဆန့်ကျင်ကာ CDM(Civil Disobedience Movement)၌ ပါဝင်နေသော တာချီလိတ်မြို့မှ ဝန်ထမ်းများထဲက (၆)ဦးကို ထပ်မံ၍ ယနေ့ ဖေဖော်ဝါရီလ(၂၈)ရက်နေ့တွင် တစ်ဦးလျှင် ကျပ်(၁)သိန်းနှုန်းဖြင့် စုစုပေါင်း ကျပ်(၆)သိန်း နှင့် ဆန်ဆီ စားနပ်ရိက္ခာများကို Tachileik CDM Support အဖွဲ့က ထောက်ပံ့လှူဒါန်းပေးထားရာ လက်ရှိတွင် (၉၃)ဦးကို ထောက်ပံ့ပေးထားကြောင်း သိရသည်။

ယနေ့ ထောက်ပံ့လှူဒါန်းပေးလိုက်သည့် (၆)ဦးမှာ တာချီလိတ်မြို့ရှိ မြန်မာ့စီးပွားရေးဘဏ်မှ CDM လုပ်ဆောင်နေသည့် ဝန်ထမ်း(၅)ဦး နှင့် ကျန်းမာရေးဝန်ထမ်းတစ်ဦးတို့ဖြစ်ပြီး ဖေဖော်ဝါရီလ(၂၇)ရက်နေ့မှ ယနေ့အထိ စုစုပေါင်း CDM လုပ်ဆောင်နေသည့် ဝန်ထမ်းများထဲက (၉၃)ဦးကို  Tachileik CDM Support ကျပ်သိန်းပေါင်း (၉၃)သိန်း နှင့် ဆန်ဆီ စားနိပ်ရိက္ခာများကို ထောက်ပံ့လှူဒါန်းပေးထားပြီး ဖြစ်ကြောင်း သိရသည်။

တာချီလိတ်တွင် CDM လုပ်ဆောင်နေသည့် ဝန်ထမ်းများအနက် လတ်တလော၌ အကူအညီလိုအပ်မည်ဟု သိရသည့် ကျန်းမာရေးဌာနမှ (၆၉)ဦး၊ စည်ပင်သာယာရေးဌာနမှ (၁၉)ဦး၊ မြန်မာ့စီးပွားရေးဘဏ်မှ (၅)ဦး စုစုပေါင်း (၉၃)ဦးကို ထောက်ပံ့ပေးထားခြင်းဖြစ်ကြောင်း သိရသည်။ 

တာချီလိတ်တွင်  CDM ဝန်ထမ်းများ အခက်အခဲဖြစ်လာပါက  အကူအညီတောင်းခံလိုသည်ဖြစ်စေ စေတနာရှင်များ ပါဝင်လှူဒါန်းလိုသည်ဖြစ်စေ Tachileik CDM Support အဖွဲ့၏  မြန်မာဖုန်း - 09457223232,  09661471550 နှင့်  ထိုင်းဖုန်း - 0983388093 0804299028 , 0629211240  သို့ ဆက်သွယ်နိုင်သည့်အပြင် ၎င်းတို့၏ Facebook ( https://www.facebook.com/cdmtachileik ) သို့လည်း ဆက်သွယ်နိုင်မည်ဖြစ်ကြောင်း သိရသည်။



Tachileik CDM Support အား တာချီလိတ်မြို့မှ စီးပွားရေးလုပ်ငန်းရှင်များ၊ မြို့ခံပြည်သူများဖြင့် ဖွဲ့စည်းထားပြီး စေတနာရှင်များမှ ပါဝင်လှူဒါန်းလာမှုများကို အခက်အခဲဖြစ်နေသည့် CDM ဝန်ထမ်းများအား စနစ်တကျ လှူဒါန်းပေးနေခြင်း ဖြစ်ကြောင်း သိရသည်။

Tachileik News Agency