တာချီလိတ်မြို့ ပါလျှံ(၂)တွင် ရဲတပ်ဖွဲ့က အလိုရှိသူကို လာရှာရာ မတွေ့၍ ကွန်ပျူတာ နှင့် ဖုန်းကို အကြောင်းမဲ့ ယူဆောင်သွား

တာချီလိတ်မြို့ ပါလျှံ(၂)တွင် ရဲတပ်ဖွဲ့က အလိုရှိသူကို လာရှာရာ မတွေ့၍ ကွန်ပျူတာ နှင့် ဖုန်းကို အကြောင်းမဲ့ ယူဆောင်သွား
မေ 24, 2021 | ရှမ်းရှေ့

တာချီလိတ်မြို့ ရန်အောင်မြေ(ပါလျှံ-၂)ရပ်ကွက်တွင် ယနေ့ မေလ(၂၄)ရက်နေ့ နေ့လည်(၂)နာရီဝန်းကျင်အချိန်က နေအိမ်တစ်အိမ်သို့ အလိုရှိသူ ယောက်ျားလေးတစ်ဦးကို လာရောက်ရှာဖွေရာ မတွေ့၍ ဖုန်းတစ်လုံး နှင့် လက်တော့ပ်ကွန်ပျူတာအသစ်တစ်လုံးကို ယူဆောင်သွားကြောင်း အနီးဝန်းကျင်တွင် နေထိုင်သူများထံက သိရသည်။

ရဲကားနှစ်စီးနဲ့လာပြီး သူတို့လာရှာသူရဲ့ နာမည်နဲ့မေးတယ်၊ ပြီးတော့ အိမ်ထဲ ရှာတယ်၊ ပထမဝင်ရှာတဲ့အဖွဲ့က ဘာမှမယူသွားဘူး၊ အဖွားကိုတောင် လက်ဆွဲနှုတ်ဆက်ပြီးကျေးဇူးပါလို့ တောင်ပြောသွားတယ်၊ နောက်ကားတစ်စီးပေါ်ရှိတဲ့ အဖွဲ့ကထပ်လာမွှေတာ ကွန်ပျူတာ မ သွားတယ်၊ ကွန်ပျူတာ အသစ်စက်စက်ပဲ ရှိသေးတယ်လို့ ပြောတယ်။ နောက်ပြီး ဖုန်းတစ်လုံးရော ယူသွားတယ်တဲ့

ဟု အနီးဝန်းကျင်တွင်နေထိုင်သူ တစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ရဲတပ်ဖွဲ့မှ လာရှာသည့်  ယောက်ျားလေးမှာ အိမ်သို့ မပြန်လာသည်မှာ ကြာနေပြီဖြစ်ပြီး ရဲတပ်ဖွဲ့က သိမ်းယူသွားသည့် ကွန်ပျူတာနှင့်ဖုန်းကို ဘာကြောင့် သိမ်းသည်ကို မပြောသွားဘဲ ဒီတိုင်းယူဆောင်သွားခြင်း ဖြစ်ကြောင်း သိရသည်။

#TachileikNewsAgency