အာဏာသိမ်းပြီး (၈)ရက်မြောက်နေ့တွင် ညမထွက်ရအမိန့်နှင့်အတူ (၅)ဦးအထက် ပိုမစုရ အမိန့် ထုတ်ပြန်

အာဏာသိမ်းပြီး (၈)ရက်မြောက်နေ့တွင် ညမထွက်ရအမိန့်နှင့်အတူ (၅)ဦးအထက် ပိုမစုရ အမိန့် ထုတ်ပြန်
ဖေဖော်ဝါရီ 8, 2021 | နိုင်ငံရေး

စစ်တပ်က နိုင်ငံတော်အာဏာသိမ်းပြီး (၆) ရက်မြောက်နေ့တွင် ယခင်က ကိုဗစ်ကာကွယ်ရေးအတွက် ထုတ်ပြန်ထားသည့် ညမထွက်ရအမိန့်အားပယ်ဖျက်လိုက်ပြီး (၈)ရက်မြောက်နေ့ဖြစ်သည့် ၂၀၂၁ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၈) ရက်နေ့တွင် ညမထွက်ရ၊ လူမစုရအမိန့်ကို ထုတ်ပြန်လာသည်။



ယခင်က ကိုဗစ်ကာကွယ်ရေးအတွက် ည (၁၂)နာရီမှ နောက်တစ်နေ့ မနက် (၄)နာရီအတွင်း ညမထွက်ရအမိန့် ထုတ်ပြန်ထားခြင်းအား အာဏာသိမ်းစစ်တပ်က ဖေဖေါ်ဝါရီလ (၆) ရက်နေ့တွင် ပယ်ဖျက်လိုက်ပြီးနောက် ဖေဖေါ်ဝါရီလ (၈) ရက်နေ့တွင် ညမထွက်ရ၊ လူမစုရအမိန့်သစ်အရ ည(၈)နာရီမှ နောက်တစ်နေ့ မနက် (၄)နာရီအတွင်း ညမထွက်ရနှင့် နေ့ခင်းဘက်အချိန်များတွင် လူ (၅)ဦးထက်ပိုမစုရအမိန့်ကို ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။



ညမထွက်ရ၊ လူမစုရအမိန့်သစ်ကို ချက်ချင်းထုတ်ပြန်ပြီး ချက်ချင်းသက်ဝင်စေရန် သတ်မှတ်ထားသဖြင့် သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့များက ပြည်သူလူထုသိရှိစေရေး လိုက်လံကြော်ငြာပေးနေရကြောင်း သိရသည်။



စစ်အာဏာရှင်စနစ်ကို တစ်နိုင်ငံလုံးရှိလူထုက ဖေဖေါ်ဝါရီလ (၈) ရက်နေ့တွင် ဆန္ဒထုတ်ဖေါ်မှုများ လုပ်ဆောင်လာပြီးနောက် ညမထွက်ရ၊ လူမစုရအမိန့်ကို ထုတ်ပြန်လာခြင်းဖြစ်သည်။

ယနေ့ ထုတ်ပြန်လိုက်သည့် ညမထွက်ရ နှင့် လူ(၅)ဦးအထက် မစုရ အမိန့်အား လတ်တလောတွင် နောက်ထပ်တစ်စုံတစ်ရာ အမိန့်မထုတ်ပြန်သည်အထိ ကန့်သတ်ချက်မရှိကြောင်း သိရသည်။

 

Tachileik News Agency