ကယားပြည်နယ် လွိုင်ကော်မြို့မှ ပြည်သူများက စစ်အာဏာရှင်အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်

ကယားပြည်နယ် လွိုင်ကော်မြို့မှ ပြည်သူများက စစ်အာဏာရှင်အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်
ဖေဖော်ဝါရီ 8, 2021 | နိုင်ငံရေး| ကယား

ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် အာဏာသိမ်းစစ်တပ်အား ဆန့်ကျင်ကန့်ကွက်သည့် ဆန္ဒပြပွဲကို လူပေါင်းသောင်းချီ ၍  ဖေဖော်ဝါရီ (၈) ရက် နံနက်ပိုင်းကစ၍  ငြိမ်းချမ်းစွာ ‌ဆန္ဒဖော်ထုတ်ခဲ့သည်။ 

စစ်အာဏာရှင်အလိုမရှိ ၊ တပ်မတော်သည် ပြည်သူ့အစိုးရထံမှ အဓမ္မအာဏာသိမ်းယူထားခြင်းကို ကန့်ကွက်ကြောင်း၊ နိုင်ငံတော်သမ္မတ၊ ဒေါ်အောင်ဆန်းစုကြည် နှင့် နိုင်ငံရေးခေါင်းဆောင်များအား အမြန်ဆုံးလွတ်ပေးရေး ၊ ဖက်ဒရယ် ဒီမိုကရေစီစနစ်ပေါ်ပေါက်ရေး စသည့် ကြွေးကြော်သံ အမျိုးမျိုးဖြင့် လွိုင်ကော်မြို့တွင်း လှည့်လည်၍ ဆန္ဒဖော်ထုတ်ခဲ့ကြခြင်း ဖြစ်သည်။ 

ဆန္ဒ ဖော်ထုတ်ပွဲတွင် မြို့နေလူထုများ၊ ကျောင်းသားများ ၊ နိုင်ငံရေး လှုပ်ရှားသူများ ၊ အစိုးရဌာနဆိုင်ရာ ဝန်ထမ်းများ ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများ ၊ လူငယ်များနှင့် အလွှာအသီးသီးမှ လူထုများပါဝင်ခဲ့ကြပြီး ဆန္ဒဖော်ထုတ်ပွဲအား ငြိမ်းချမ်းစွာ အဆုံးသပ်ခဲ့ကြသည်။ 

ဆန္ဒဖော်ထုတ်သည့် လူပေါင်းသောင်းချီ ပါဝင်သော စစ်ကြောင်းများအား ပြည်နယ်အစိုးရရုံးနှင့် ပြည်နယ်လွှတ်တော်ရုံးရှေ့များတွင် ရဲတပ်ဖွဲ့မှ ကနဦးပိုင်းတွင် လုံခြုံရေးစည်းရိုးများချ၍ ပိတ်ဆို့ထားခဲ့သော်လည်း အချေအတင်မဖြစ်ခဲ့ဘဲ မိနစ်ပိုင်းအကြာတွင် စည်းရိုးများအား ရဲတပ်ဖွဲ့မှ ဖယ်ပေးခဲ့ပြီး ဆန္ဒပြသူများအား သွားခွင့်ပြုခဲ့သည်။ 

စစ်အာဏာရှင်စနစ် ဖြုတ်ချရေး လူထုလှုပ်ရှားမှု ဒုတိယနေ့ အား ဖေဖော်ဝါရီလ (၉)ရက်နေ့ နံနက်ပိုင်းတွင် လွိုင်ကော်မြို့ နောင်ယားကန် တွင် ပြန်လည် စတင်မည်ဖြစ်ပြီး ဆုတောင်းခြင်း ဟောပြောခြင်း အစီအစဥ်များ ပါဝင်မည်ဖြစ်ကြောင်းသိရသည်။ 

Tachileik News Agency

သတင်း/ဓါတ်ပုံ - ဆန်းဖြိုးထွန်း

 

ဆန်းဖြိုးထွန်းသည် Tachileik News Agency ၏ ကယားပြည်နယ်အခြေစိုက် အကြီးတန်း သတင်းထောက်ဖြစ်သည်။