လွိုင်ကော်မြို့တွင် အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရ

လွိုင်ကော်မြို့တွင် အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရ
ဇူလိုင် 4, 2021 | မှုခင်းသတင်း| ကယား

ကယား(ကရင်နီ)ပြည်နယ်၊ လွိုင်ကော်မြို့ လောဓမ္မရပ်ကွက်တွင် ယနေ့ ဇူလိုင်လ(၄)ရက်နေ့ ညပိုင်းက အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရ၍သေဆုံးသွားကြောင်း သိရသည်။ 

လွိုင်ကော်မြို့ လောဓမ္မရပ်ကွက် ဓမ္မာရုံအောက်နားတွင် ဇူလိုင်လ(၄)ရက်နေ့ ည (၇)နာရီ (၅၅) မိနစ် အချိန်ခန့်တွင် ဆိုင်တစ်ခုတွင် ထိုင်နေသော ဦးမြင့်သိန်း အမည်ရှိ အမျိုးသားအား မည်သူမည်ဝါ မှန်းမသိသောသူများမှ သေနတ်ဖြင့် လာရောက်ပစ်ခတ်သွားပြီး ကျောကုန်းတွင် သေနတ်ကျည်ထိမှန်ကာ စိုးရိမ်ရသည့် အခြေနေဖြင့် ဆေးရုံပို့ဆောင်ခဲ့ရပြီးနောက် ည(၉)နာရီကျော်အချိန်ခန့်တွင် သေဆုံးသွားကြောင်း သိရသည်။ 

သူက မုန့်ဆိုင်တစ်ခုမှာ ထိုင်နေတာကို သေနတ်နဲ့ လာပစ်သွားတယ်လို့ ပြောတယ်။ ကျွန်တော်တို့ကြားလိုက်တာတော့ သေနတ်သံကတော့ တစ်ချက်ပဲပေါ့လေ။ အခု ရပ်ကွက်ထဲမှာ ရဲတွေ စစ်သားတွေ အကုန်ရောက်နေပါတယ်။

ဟု ဒေသခံ တစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။ 

သေနတ်ပစ်ခတ်ခဲ့မှုနှင့် ပတ်သက်၍ မည်သည့် အကြောင်းအရာကြောင့် ပစ်ခတ်ခဲ့သည်ကို မသိရှိရဘဲ Facebook လူမှုကွန်ယက် စာမျက်နှာတွင် ဒေသခံများ ပြောဆိုချက်များအရ ဒလံဟု ဆိုကာ ပစ်ခတ်ခဲ့ကြောင်း ပြောဆိုလျှက်ရှိကြောင်းလည်း သိရသည်။ 

အဆိုပါ သေနတ်ဖြင့် ပစ်ခတ်မှု ဖြစ်ပွားခဲ့သော လွိုင်ကော်မြို့ လောဓမ္မရပ်ကွက် လမ်းတစ်လျှောက်တွင် လက်ရှိချိန်ထိ စစ်ကားနှင့် ရဲကားများ ရောက်ရှိကာ စစ်ဆေးမှုများ လုပ်ဆောင်နေသလို လမ်းတစ်လျှောက်တွင် လုံခြုံရေး ယူထားကြောင်း သိရသည်။