ဒီမော့ဆိုမြို့နယ်တွင်း တိုက်ပွဲပြင်း​​ထန်နေပြီး နှစ်ဖက်ကျဆုံးမှုများရှိနေ

ဒီမော့ဆိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ လူငယ်များ
ဒီမော့ဆိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ လူငယ်များ
ဒီမော့ဆိုမြို့နယ်တွင်း တိုက်ပွဲပြင်း​​ထန်နေပြီး နှစ်ဖက်ကျဆုံးမှုများရှိနေ
By Tachileik News Agency

ကယားပြည်နယ်၊ ဒီမော့ဆိုမြို့နယ်အတွင်း ၂၀၂၁ ခုနှစ်၊ မေလ (၂၅) ရက်နေ့ နံနက်ပိုင်းမှစ၍ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - PDF များနှင့် အာဏာသိမ်း စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားနေပြီး နှစ်ဖက်ကျဆုံးမှုများရှိနေကြောင်း သိရသည်။ 

 ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဒီမော့ဆိုမြို့မရဲစခန်းအား နံနက် (၅)နာရီခွဲဝန်းကျင်တွင် ဝင်ရောက်တိုက်ခိုက်ကာ မြို့တွင်းရှိ ​နေရာ (၃) နေရာခန့်၌ အာဏာသိမ်းစစ်ကောင်စီတပ်နှင့် တိုက်ပွဲအပြင်းအထန်ဖြစ်နေပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဖက်မှ (၂) ဦးကျဆုံးထားပြီး စစ်ကောင်စီဖက်မှ တင့်ကား (၂) စီးပျက်စီးကာ ကျဆုံးသူများလည်း ရှိနိုင်ကြောင်း သိရသည်။ 

"ကျွန်တော်တို့ မနက်ပိုင်းမှာ တိုက်ပွဲ ပြင်းထန်တယ်။ ခုလည်း ပစ်နေသေးတယ် ငြိမ်လိုက်ပစ်လိုက်ပေါ့။ သူတို့ဖက်က တင့်ကားတွေနဲ့ပါ ရမ်းသမ်းပြီး ဆက်တိုက်လိုက်ပစ်နေတယ်။ ကျွန်တော်တို့ဖက်က အခုပြောပြနိုင်တာ (၂)ယောက်ကျတယ်။ ဒဏ်ရာရတဲ့သူတွေလည်း ရှိတယ်။ စစ်တပ်ဖက်ကတော့ တင့်ကားနှစ်စီးကျတယ်။ လူလည်း အကျဆုံးရှိနိုင်တယ်။ "ဟု PDF အဖွဲ့ဝင်တစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ နေ့လယ် (၁၁) နာရီဝန်းကျင်တွင် အတည်ပြုပြောကြားသည်။ 

ဒီမော့ဆိုမြို့နယ်အတွင်းရှိ ဒေါငံခါး ရပ်ကွက် ၊ ငွေတောင်ကျေးရွာ ၊ ဒေါတမ စသည့်နေရာများတွင် ပြည်သူ့ကာကွယ်ရေးတပ် ဖွဲ့များနှင့် အာဏာသိမ်း စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်ပြီး စစ်ကောင်စီဖက်မှ လက်နက်ကြီးများအပြင် အမြာက်တင်ကားများဖြင့်ပါ တိုက်ခိုက်နေပြီး စစ်ရဟတ်ယာဥ်တစ်စီးလည်း ပျံဝဲနေကြောင်းသိရသည်။ 

လက်ရှိတွင် ဒီမော့ဆိုမြို့နယ်အတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်များ တိုက်ပွဲ ဆက်လက်ဖြစ်ပွားနေဆဲ ဖြစ်ကြောင်းသိရသည်။