ဒီးမော့ဆိုရှိ ကျေးရွာနှင့် စစ်ရှောင်စခန်းကို စစ်ကောင်စီတပ် လေကြောင်းမှဗုံးကြဲ အရပ်သား တစ်ဦးသေဆုံး ၂ ဦးဒဏ်ရာရ

ဒီးမော့ဆိုရှိ ကျေးရွာနှင့် စစ်ရှောင်စခန်းကို စစ်ကောင်စီတပ် လေကြောင်းမှဗုံးကြဲ အရပ်သား တစ်ဦးသေဆုံး ၂ ဦးဒဏ်ရာရ
သြဂုတ် 31, 2023 | 2021 Military Coup| ကယား

ကရင်နီ(ကယား)ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာနှင့် စစ်ရှောင်စခန်းတစ်ခုတို့ကို စစ်ကောင်စီတပ်ဖွဲ့က ယနေ့ ၂၀၂၃ခုနှစ် သြဂုတ်လ (၃၁)ရက်နေ့ နံနက်ပိုင်းတွင် တိုက်လေယာဥ်များဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သားတစ်ဦး သေဆုံးပြီး (၂)ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဒီးမော့ဆိုမြို့နယ် အနောက်ဖက်ခြမ်းရှိ ကျေးရွာတစ်ခုအနီးသို့ ယနေ့ နံနက်(၄)နာရီကျော်တွင် စစ်ကောင်စီတပ်က တိုက်လေယာဥ်ဖြင့် (၃)ကြိမ်ဗုံးကြဲတိုက်ခိုက်ခဲ့ရာ လူထိခိုက်မှုမရှိဘဲ နေအိမ်အဆောက်အဦး တချို့ ပျက်စီးခဲ့ကြောင်း သိရသည်။ 

 

ထို့နောက် ဒီးမော့ဆိုမြို့နယ် အရှေ့ဖက်ခြမ်းရှိ စစ်ရှောင်စခန်းအား စစ်ကောင်စီတပ်က နံနက်(၆)နာရီခွဲကျော်တွင် တိုက်လေယာဉ်(၂)စီးဖြင့် ဗုံး(၉)လုံး ကြဲချတိုက်ခိုက်ခဲ့ရာ နေအိမ်အချို့နှင့် စာသင်ကျောင်းတို့ ထိမှန်ပျက်စီးကာ အရပ်သားတစ်ဦးသေဆုံးပြီး (၂)ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

စစ်ကောင်စီတပ်ဖွဲ့မှ လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သော အဆိုပါနေရာများသည် အရပ်သားများ ပုံမှန်နေထိုင်သော ကျေးရွာနှင့် တိုက်ပွဲများကြောင့် တိမ်းရှောင်နေရသော အရပ်သားစစ်ဘေးရှောင်များသာ နေထိုင်နေသော နေရာများဖြစ်သည်ဟုလည်း KNDFဗဟိုက သတင်းထုတ်ပြန်ထားသည်။

#TachileikNewsAgency

Photo : KNDF