စစ်တပ်က အာဏာသိမ်းသည့် (၇) ရက်မြောက်နေ့တွင် တာချီလိတ်မြို့၌ ညပိုင်းတွင်ပါ လှည့်လည်ကာ ဆန္ဒထုတ်ဖော်

စစ်တပ်က အာဏာသိမ်းသည့် (၇) ရက်မြောက်နေ့တွင် တာချီလိတ်မြို့၌ ညပိုင်းတွင်ပါ လှည့်လည်ကာ ဆန္ဒထုတ်ဖော်
ဖေဖော်ဝါရီ 7, 2021 | နိုင်ငံရေး| ရှမ်းရှေ့

စစ်တပ်က အာဏာသိမ်းသည့် (၇) ရက်မြောက်နေ့ဖြစ်သည့် ၂၀၂၁ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၇) ရက်နေ့တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့မှ ပြည်သူလူထုက စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လှုပ်ရှားမှုအဖြစ် သံပုံးတီးထုတ်ခြင်း၊ ကမ္ဘာမကြေသီချင်းဖြင့် စီတန်းလှည့်လည်ခြင်း၊ ဟွန်းတီးခြင်း စသည့်လှုပ်ရှားမှုများကို လုပ်ဆောင်ကြသည်။



တာချီလိတ်မှ စစ်အာဏာရှင်စနစ်ကို လက်မခံသည့် ပြည်သူများက နံနက်ပိုင်းတွင် ဆိုင်ကယ်များဖြင့် လှည့်လှည်ဆန္ဒထုတ်ဖေါ်ခြင်းအပြင် ညပိုင်း၌လည်း နေအိမ်အသီးသီးမှ သံပုံးတီး၍ နှင်ထုတ်ခြင်း၊ ကမ္ဘာမကြေသီချင်းဖြင့် မော်တော်ယာဉ်များဖြင့် စီတန်းလှည့်လည်ခြင်းကို တာချီလိတ်ရွှေတိဂုံစ၍ မြို့ပတ်ခြင်းစသည့် လှုပ်ရှားမှုများကို ဆောင်ရွက်ခဲ့ကြခြင်းဖြစ်သည်။



စစ်တပ်က ပြီးခဲ့သည့်ရွေးကောက်ပွဲတွင် မဲစာရင်းမှား၍ဟုဆိုကာ နိုင်ငံတော်အာဏာကို ဖေဖေါ်ဝါရီလ (၁) ရက်နေ့က သိမ်းလိုက်သည့်အတွက် စစ်အာဏာရှင်စနစ် လက်မခံသည့် ပြည်သူများက နည်းလမ်းမျိုးစုံဖြင့် ဆန္ဒထုတ်ဖေါ်နေကြခြင်းဖြစ်သည်။



စစ်တပ်က အာဏာသိမ်းသည့်နေ့မှစ၍ ဖုန်းလိုင်းဖြတ်ခြင်း၊ အင်တာနက်လိုင်းဖြတ်ခြင်းစသဖြင့် လူထုဆက်သွယ်ရေးလမ်းကြောင်းများ ဖြတ်တောက်ခြင်းကို လုပ်ဆောင်နေသော်လည်း ပြည်သူလူထုက နည်းလမ်းမျိုးစုံဖြင့် စစ်အာဏာရှင်စနစ်ကို လက်မခံကြောင်း လှုပ်ရှားမှုများကို ဆက်လိုက် လုပ်ဆောင်နေကြခြင်းဖြစ်သည်။

Tachileik News Agency