"ဝ"ဒေသတွင်း ရွေးကောက်ပွဲကျင်းပရေးနှင့် နိုင်ငံရေးပါတီများ မဲဆွယ်စည်းရုံးခြင်းအား တားမြစ်ခြင်းမရှိကြောင်း UWSA ဆက်ဆံရေးရုံးတာဝန်ခံ ပြောကြား

"ဝ"ဒေသတွင်း ရွေးကောက်ပွဲကျင်းပရေးနှင့် နိုင်ငံရေးပါတီများ မဲဆွယ်စည်းရုံးခြင်းအား တားမြစ်ခြင်းမရှိကြောင်း UWSA ဆက်ဆံရေးရုံးတာဝန်ခံ ပြောကြား
နိုဝင်ဘာ 5, 2020
By Tachileik News Agency
"ဝ"ဒေသတွင်း ရွေးကောက်ပွဲကျင်းပရေးနှင့် နိုင်ငံရေးပါတီများ မဲဆွယ်စည်းရုံးခြင်းအား တားမြစ်ခြင်းမရှိကြောင်း UWSA ဆက်ဆံရေးရုံးတာဝန်ခံ ပြောကြား
"ဝ"ဒေသအတွင်း ရွေးကောက်ပွဲကျင်းပရေးနှင့် နိုင်ငံရေးပါတီများ မဲဆွယ်စည်းရုံးခြင်းအား တားမြစ်ခြင်းမရှိဘဲ COVID 19 ကာကွယ်ရေးအတွက် ဆောင်ရွက်မှုများကြောင့် နားလည်မှုလွဲခြင်း အနည်းငယ်သာရှိခဲ့သည်ဟု UWSA ၏ဆက်ဆံရေးရုံးတာဝန်ခံက ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ (၄)ရက်နေ့၌ ထုတ်ဖေါ်ပြောကြားသည်။
"ကျွန်တော်တို့ နယ်ဘက်မှာ ကျန်းမာရေးစောင့်ရှောက်မှုတွေက အားနည်းချက်ရှိပါတယ်။ ကျွန်တော်တို့အနေနဲ့ကတော့ ဘယ်နိုင်ငံရေးပါတီမဆို အားလုံးကတော့ ကြိုဆိုပြီးသားပဲပေါ့နော်။ ဝင်ခွင့်ပြုတယ်ပေါ့။ ဒါပေမဲ့ ကြိုတင်ညှိနှိုင်းမှုတွေ၊ နားလည်မှုတွေ လွဲမှားသွားတဲ့သဘောတော့ ဖြစ်သွားတာပေါ့နော်။ ကျွန်တော်တို့ဒေသတွေဝင်မယ်ဆိုရင် ကြိုတင်ပြီးတော့ တစ်ရက်အကြောင်းကြားပါ။ နောက် ကျန်းမာရေးထောက်ခံချက်တွေနဲ့ပေါ့နော်။ နောက်ပြီးတော့ ကျွန်တော်တို့ ဂိတ်တွေမှာလည်း ကြိုတင်ပြင်ဆင်ရမယ်ပေါ့နော်။ လူအမြောက်အများလာရင်တော့ အဆင်မပြေဘူးပေါ့နော်။ နောက် မဲဆွယ်စည်းရုံးတဲ့အခါမှာလည်း ရပ်ရွာတွေထဲမှာ မဝင်ဘဲ မိန်းလမ်းမကြီးရှိတဲ့နေရာမှာပဲ အဓိကလုပ်ဆောင်ကြဖို့ပြောတာကို နည်းနည်းလေး ကြားမှာ နည်းနည်း ဟာကွက်ရှိသွားတာပါနော်။ ကျွန်တော်တို့က ပေးမဝင်တာမဟုတ်ပါဘူး။ လတ်တလော COVID ကို ကြိုတင်ကာကွယ်တဲ့အနေနဲ့ ညှိနှိုင်းတဲ့နေရာမှာ နားလည်မှုလွဲသွားတာပါနော်"ဟု UWSA ၏ လားရှိုးမြို့ဆက်ဆံရေးရုံးတာဝန်ခံ ဦးညီရမ်းမှ တာချီလိတ်သတင်းအေဂျင်စီသို့ နိုဝင်ဘာလ(၄)ရက်နေ့က ပြောသည်။
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်ခရိုင်၊ မိုင်းဆတ်မြို့နယ်အတွင်းရှိ "ဝ"ထိန်းချုပ်နယ်မြေဖြစ်သည့် မိုင်းထလန်းကျေးရွာအုပ်စု၊ မိုင်းယွန်းကျေးရွာအုပ်စု၊ လွယ်လန်းကျေးရွာအုပ်စုနှင့် ဆိုက်ခေါင်ကျေးရွာအုပ်စုရှိ ဝမ်ဟုန်(ဝ)၊ ဝမ်ဟုန်(ရှမ်း) ကျေးရွာများတွင် မဲဆွယ်စည်းရုံးရေးအတွက် ရွေးကောက်ပွဲကော်မရှင်ထံမှ ခွင့်ပြုချက်ရယူပြီး သွားခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD)၊ လားဟူအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီနှင့် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီတို့မှ ကိုယ်စားလှယ်လောင်းများမှာ ဝင်ခွင့်မရခဲ့သဖြင့် အဆိုပါဒေသများတွင် လွတ်လပ်၍မျှတသည့် ရွေးကောက်ပွဲမဖြစ်နိုင်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ နိုဝင်ဘာလ (၃) ရက်နေ့က လက်မှတ်ရေးထိုး တင်ပြခဲ့ကြခြင်းဖြစ်သည်။
အဆိုပါ တင်ပြချက်နှင့်ပတ်သက်၍ ခရိုင်ရွေးကောက်ပွဲကော်မရှင်၊ မြို့နယ်အုပ်ချုပ်ရေးမှူးတို့က "ဝ"ဒေသတာဝန်ရှိသူများနှင့် ညှိနှိုင်းဆွေးနွေးထားပြီးဖြစ်၍ ကျန်မဲဆွယ်ရက်များတွင် ကိုယ်စားလှယ်လောင်းများအနေဖြင့် အဆိုပါဒေသများတွင် လွတ်လပ်စွာ မဲဆွယ်စည်းရုံးခွင့်နှင့် ရွေးကောက်ပွဲနေ့တွင် လွတ်လပ်စွာ ကျင်းပနိုင်ရေးအတွက် "ဝ"ဒေသမှ တာဝန်ရှိသူများက ပြောကြားထားကြောင်း သိရသည်။
မိုင်းဆတ်မြို့နယ်အတွင်း "ဝ"ထိန်းချုပ်ဒေသတွင် ၂၀၂၀ ရွေးကောက်ပွဲအတွက် မဲရုံ (၁၂)ရုံရှိနေခြင်းဖြစ်ပြီး ရွေးကောက်ပွဲကျင်းပရန် ပြင်ဆင်ထားပြီးဖြစ်ကြောင်း သိရသည်။
Tachileik News Agency
သတင်း - ချယ်ရီထိုက်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~