အဓမ္မအာဏာသိမ်းယူခြင်းကို တာချီလိတ်ခရိုင်လုံးဆိုင်ရာ ဆရာ ဆရာမများမှ ဆန့်ကျင်ကန့်ကွက်

အဓမ္မအာဏာသိမ်းယူခြင်းကို တာချီလိတ်ခရိုင်လုံးဆိုင်ရာ ဆရာ ဆရာမများမှ ဆန့်ကျင်ကန့်ကွက်
ဖေဖော်ဝါရီ 6, 2021 | နိုင်ငံရေး| ရှမ်းရှေ့
By Tachileik News Agency

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်အတွင်းရှိ  ပညာရေးဌာနမှ ဆရာ ဆရာမများသည် တာချီလိတ်မြို့သို့ လာရောက်ပြီး စုပေါင်း ကာ စစ်တပ်မှ နိုင်ငံတော်အာဏာသိမ်းယူမှုကို ဆန့်ကျင်သည့်အနေဖြင့် ဖဲကြိုးနီကမ်ပိန်းလုပ်ဆောင်သည့်အပြင် Civil Disobedience Campaing ကိုလည်း စတင်လိုက်သည်။

တာချီလိတ်ခရိုင်အတွင်းရှိ တာချီလိတ်၊ တာလေ၊ မိုင်းဖြတ်မြို့တို့မှ ပညာရေးဌာန၏ ဆရာ ဆရာမများက ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ(၆)ရက်နေ့ နံနက်ပိုင်းက ကမ်ပိန်း လုပ်ဆောင်ကြခြင်း ဖြစ်သည်။

"တာလေကလည်း ပါတယ်။ မိုင်းဖြတ်ကလည်း ပါတယ်။ စစ်အာဏာရှင်စနစ်ကို မလိုလားလို့၊ နိုင်ငံတော်အာဏာကို မတရားသိမ်းလိုက်လို့ ကျွန်မတို့အနေနဲ့ အခုလို လုပ်ဆောင်တာပါ။ တာချီလိတ်မြို့နယ်အတွင်းက ဆရာ ဆရာမတွေအပြင် တာလေ နဲ့ မိုင်းဖြတ်မြို့ ဆရာ ဆရာမတွေလည်း ပါပါတယ်"ဟု ကမ်ပိန်းတွင် ပါဝင်သည့် ဆရာမတစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ရှမ်းပြည်နယ်(အရှေ့ပိုင်း)တွင် ဖေဖော်ဝါရီလ(၆)ရက်နေ့က စ၍ ကျိုင်းတုံ နှင့် တာချီလိတ်မှ ဆရာ ဆရာမများ ဖဲကြိုးနီ ကမ်ပိန်း နှင့် Civil Disobedience Campaing တို့တွင် ပါဝင် လုပ်ဆောင်လာကြသည်။