ရှမ်းပြည်နယ်တွင်း ဖမ်းဆီးခံရသည့် သတင်းသမားများအနက် တစ်ဦး ပြန်လွတ်လာ

ရှမ်းပြည်နယ်တွင်း ဖမ်းဆီးခံရသည့် သတင်းသမားများအနက် တစ်ဦး ပြန်လွတ်လာ
အောက်တိုဘာ 19, 2021 | ရှမ်းရှေ့

အာဏာသိမ်းအဖွဲ့က ဖမ်းဆီးထားသည့် ရှမ်းပြည်နယ်တွင်းမှ သတင်းသမားများအနက်  Tachileik News Agency မှ ဓါတ်ပုံသတင်းထောက်ဟောင်း ကိုကျော်ဇင်ဟိန်း ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ (၁၉) ရက်နေ့တွင် ကျိုင်းတုံအချုပ်ထောင်မှ ပြန်လွတ်လာပြီဖြစ်သည်။

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့တွင် အခြေစိုက်သည့် Tachileik News Agency ၏ သတင်းထောက်ဟောင်း ကိုကျော်ဇင်ဟိန်းကို အာဏာသိမ်းစစ်ကောင်စီက မေလ (၁၃) ရက်နေ့တွင် ဖမ်းဆီးပြီး မေလ (၁၅) ရက်နေ့တွင် ပုဒ်မ ၅၀၅ (က)ဖြင့် အမှုဖွင့်ထားကာ တရားရုံးအမှုရင်ဆိုင်နေရဆဲ ဇူလိုင်လအတွင်း ကျိုင်းတုံအချုပ်ထောင်သို့ ပို့ဆောင်ခဲ့ခြင်းဖြစ်သည်။

စစ်တပ်က နိုင်ငံ့အာဏာသိမ်းလိုက်ပြီး သတင်းမီဒီယာများကို စတင်ထိန်းချုပ်ရန် ကြိုးစားလာမှုများကြောင့် ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ ပထမပတ်မှစ၍ သတင်းဌာန၏ရုံးခန်းအား မူလနေရာမှ ရွှေ့ပြောင်းအခြေစိုက် လုပ်ကိုင်နေရသဖြင့် အလုပ်သင် ဓာတ်ပုံသတင်းထောက် ကိုကျော်ဇင်ဟိန်း အပါအဝင် အလုပ်သင်ဝန်ထမ်းများအား လုပ်ငန်းတာဝန်များမှ ရပ်ဆိုင်းပေးထားခဲ့ခြင်းဖြစ်သော်လည်း တာချီလိတ်ရဲတပ်ဖွဲ့က မေလ (၁၃) ရက်နေ့ ညနေပိုင်းတွင် ကိုကျော်ဇင်ဟိန်းအား နေအိမ်မှ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်းဖြစ်သည်။

အာဏာသိမ်းအဖွဲ့က အမှုဖွင့်ဖမ်းဆီးခံထားရသူများအနက် တရားရုံးများတွင် အမှုရင်ဆိုင်ဆဲ (၄၃၂၀) ဦးကို အမှုပိတ်သိမ်းပြီး ပြစ်ဒဏ်ချမှတ်ခံရသူ (၁၃၁၆) ဦးကို အောက်တိုဘာလ (၁၈) ရက်နေ့မှစ၍ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးရာတွင် အောက်တိုဘာလ (၁၉) ရက်နေ့၌ ရှမ်းပြည်နယ်တွင်း ဖမ်းဆီးခံရသည့် သတင်းသမားများအနက်မှ (၁) ဦးလွတ်မြောက်စာရင်းတွင် ပါလာခြင်းဖြစ်သည်။

ရှမ်းပြည်နယ်အခြေစိုက် သတင်းဌာနများဖြစ်သည့် ကမ္ဘောဇတိုင်းသတင်းဌာနမှ တာဝန်ခံအယ်ဒီတာ နန်းနန်းတိုင်း၊ သတင်းထောက် နန်းဝင်းရီ၊ ထုတ်ဝေသူ ဦးတင်အောင်ကျော် အပြင် သတင်းသမားဟု စွပ်စွဲခံရသူ စိုင်းစည်သူ၊   သံလွင်သွေးချင်းသတင်းဌာနမှ ဒေါ်မြဝန်းရံနှင့် ရွှေဖီမြေသတင်းထောက်ဟောင်း လွေးအမ်ဖောင်တို့မှာ ယနေ့အထိ ပြန်လည်လွတ်မြောက်စာရင်းတွင် မပါဝင်သေးသည်ကို တွေ့ရသည်။

အာဏာသိမ်းအဖွဲ့ဖမ်းဆီးခံထားရသည့် သတင်းသမားများအနက် အောက်တိုဘာလ (၁၈) ရက်နှင့် (၁၉) ရက်နေ့ နှစ်ရက်တာအတွင်း DVB သတင်းဌာနမှ ကိုမင်းညိုနှင့် ကိုအောင်ကျော်၊ Mizzima သတင်းဌာနမှ Freelance ကိုဇော်ဇော်၊ CJ ကိုသက်နိုင်ဝင်း၊ Mizzima သတင်းဌာနမှ မသင်းသင်းအောင်၊ မြစ်ကြီးနားဂျာနယ်မှ မမျိုးမြတ်မြတ်ပန်၊ အဂျဲနှင့် ခရစ္စတိုဖာ၊ 74 Media မှ မချန်ဘူ၊ Kachin Wave မှ ကိုလရော်၊ The Voice of Tanbuzayat မှ ထက်မြက်သူ၊ Thanlyin Post သတင်းဌာနမှ မတူးတူးသာနှင့် Tachileik News Agency မှ ကိုကျော်ဇင်ဟိန်း စုစုပေါင်း (၁၃) ဦး ပြန်လည်လွတ်မြောက်လာခြင်းဖြစ်သည်။

ဆက်စပ်သတင်း

တာချီလိတ်သတင်းအေဂျင်စီ၏ အလုပ်သင်သတင်းထောက်ဟောင်း တစ်ဦးကို ဖမ်းဆီးပြီး ပုဒ်မ ၅၀၅-က ဖြင့် အမှုဖွင့်