ဦးဝင်းထိန်ကို ရန်ကုန်မြို့တွင် ဖမ်းဆီးပြီး နေပြည်တော်သို့ ခေါ်ဆောင်သွား

ဦးဝင်းထိန်ကို ရန်ကုန်မြို့တွင် ဖမ်းဆီးပြီး နေပြည်တော်သို့ ခေါ်ဆောင်သွား
ဖေဖော်ဝါရီ 5, 2021 | နိုင်ငံရေး
By Tachileik News Agency

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)၏ သဘာပတိဖြစ်သူ ဦးဝင်းထိန်  ဖေဖော်ဝါရီလ(၄)ရက်နေ့ သန်းခေါင်ယံအချိန်က ရန်ကုန်မြို့တွင် ဖမ်းဆီးခံရကြောင်း NLD ၏ ဗဟိုပြန်ကြားရေး ဦးကြည်တိုးက အသိပေးထားရှိသည်။

ဦးဝင်းထိန်သည် နေပြည်တော်မှ ရန်ကုန်မြို့သို့ ပြန်လည်ပြောင်းရွှေ့နေထိုင်ရန် ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ(၄)ရက်နေ့ နေ့လည်ပိုင်းက ရန်ကုန်မြို့သို့ ကားဖြင့် ထွက်ခွာသွားခဲ့ပြီး ရန်ကုန်မြို့သို့ ဆိုက်ရောက်ပြီးနောက် ညသန်းခေါင်ယံအချိန်တွင် ၎င်း၏ သမီးဖြစ်သူ၏ နေအိမ်တွင် ဖမ်းဆီးခံရခြင်း ဖြစ်ကြောင်း နှင့် ယခုအခါတွင်  နေပြည်တော် ဥတ္တရသီရိခရိုင်ရဲစခန်းတွင် ရောက်ရှိနေကြောင်း  NLD ၏ ဗဟိုပြန်ကြားရေးဖြစ်သူ ဦးကြည်တိုးက ၎င်း၏ facebook စာမျက်နှာတွင် ဖေဖော်ဝါရီလ(၅)ရက်နေ့ နံနက်(၆း၁၂)နာရီအချိန်က အသိပေးထားခြင်း ဖြစ်သည်။

တပ်မတော်က ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ(၁)ရက်နေ့ အကူးပိုင်းက စ၍ နိုင်ငံတော် အာဏာသိမ်းလိုက်ပြီး နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် NLD ပါတီ၏ ထိပ်တန်းပုဂ္ဂိုလ်များ၊ ၂၀၂၀ အနိုင်ရန် လွှတ်တော်ကိုယ်စားလှယ်များကို ဖမ်းဆီးထိန်းသိမ်းထားလိုက်ခြင်း ဖြစ်သည်။

အာဏာသိမ်းပြီးနောက် စစ်အစိုးရက  နောက်ရက်တွင် လွှတ်တော်ကိုယ်စားလှယ်များကို  ပြန်လွှတ်ပေးခဲ့သော်လည်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား ဆက်သွယ်ရေးပစ္စည်းများကို ခွင့်ပြုချက်မရဘဲ တင်သွင်းမှု၊ သမ္မတ ဦးဝင်းမြင့်အား ကပ်ဘေးကာလ စည်းကမ်းချိုးဖောက်မှုတို့ဖြင့် ဖေဖေါ်ဝါရီလ (၃) ရက်နေ့က အမှုဖွင့်အရေးယူလိုက်ပြီး ဇဗ္ဗူသီရိ မြို့နယ်တရားရုံး၌ ချုပ်မိန့်ရီမန်လျှောက်ထားကြောင်း သိရသည်။

စစ်အစိုးရမှ နောက်ဆုံးဖမ်းဆီးထားသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)၏ သဘာပတိ  ဦးဝင်းထိန်အား မည်သည့်ကိစ္စဖြင့် ဖမ်းဆီးသည်ကိုတော့ လတ်တလောတွင် မသိရသေးပေ။

Tachileik News Agency