စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုများ တာချီလိတ်မြို့တွင် အဆက်မပြတ်လုပ်ဆောင်

စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုများ တာချီလိတ်မြို့တွင် အဆက်မပြတ်လုပ်ဆောင်
ဖေဖော်ဝါရီ 23, 2021 | နိုင်ငံရေး| ရှမ်းရှေ့

တာချီလိတ်မြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုများကို ရဟန်းရှင်လူ ပြည်သူများမှ နည်းမျိုးစုံဖြင့် ဖေဖော်ဝါရီလ၏ ပထမပတ်ကတည်းက စတင်ခဲ့ပြီး ယနေ့ ဖေဖော်ဝါရီလ(၂၃)ရက်နေ့အထိ လုပ်ဆောင်နေကြသည်ကို တွေ့ရသည်။

တာချီလိတ်မြို့တွင် ဖေဖော်ဝါရီလ(၂၂)ရက်နေ့က အထွေထွေသပိတ်အဖြစ် ဈေးများ နှင့် ဈေးဆိုင်များ ပိတ်ပြီး ပါဝင်လုပ်ဆောင်သည် အထိရှိခဲ့သည့်အတွက် ယနေ့ ဖေဖော်ဝါရီလတွင် လူဦးရေ နည်းခဲ့သည်မှာ ပင်ပန်းသွားကြ၍ ခဏနားကြခြင်း ဖြစ်ကြောင်း သိရသည်။

"ဒီနေ့ကတော့ လူနည်းသွားတာက မနေ့က အားကြိုးမာန်တက်နဲ့ ပါဝင်ခဲ့ကြပြီး ပင်ပန်းသွားကြလို့ တချို့ ခဏနားကြတဲ့အတွက် ဒီနေ့ နည်းသွားတာပါ။ အားလျှော့သွားတာမဟုတ်ပါဘူး။ နောက်ရက်တွေ နေ့စဉ် လုပ်ဆောင်သွားမှာပါ။ ကျွန်တော်တို့ ငြိမ်ခံနေရင် အငြိမ်နေ နေရင် စစ်အာဏာရှင်ကို အားပေးသူတွေ ဖြစ်သွားမှာပေါ့။ အဲ့တော့ စစ်အာဏာရှင်ကို အားပေးနေသူမဖြစ်အောင် ကျွန်တော်တို့ လမ်းပေါ်ထွက်ပြီး ဆန္ဒထုတ်ဖော်ဦးမှာပါ။ နောက်ရက်တွေမှာ အရင်လိုပဲ လူတွေပြန်များလာမှာပါ"ဟု တာချီလိတ်မြို့၏ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားတွင် ပါဝင်သူဖြစ်သည့် ကိုဝဏ္ဏဌေးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တာချီလိတ်မြို့တွင် စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားမှုများတွင်  လူငယ်များက လမ်းပေါ်ထွက် ဆန္ဒထုတ်ဖော်သည့် နေရာများတွင် ပါဝင်သလို ၎င်းတို့ တတ်မြောက်သည့် ပညာဖြင့် လူအများ မြင်သာသည့် နေရာများတွင် စစ်အာဏာရှင် ဆန့်ကျင်ရေး နှင့် CDM ထောက်ခံမှုများအဖြစ် ရုပ်ပုံစာသားများကို နံရံများနှင့် လမ်းပေါ်တို့တွင် ရေးဆွဲထားကြသည်ကိုလည်း တွေ့ရသည်။

 

Tachileik News Agency